#Local_News
Published_ 21 November 2022

 

စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးနှင့် ဆေးကုသရေးတက္ကသိုလ်၊ သစ်တောတက္ကသိုလ် စိုက်ပျိုးရေးသိပ္ပံ၊ စက်မှုသိပ္ပံနှင့် စက်မှုအထက်တန်းကျောင်းများ စသည်တို့ ရှိနေသည့် နေပြည်တော် ကောင်စီနယ်မြေကို ပညာရေးမြို့တော်အဖြစ် လုပ်ဆောင်နေကြောင်း ပညာရေးဝန်ကြီးဌာနက သိရသည်။

 

လက်ရှိတွင် နေပြည်တော်၌တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်း မိသားစုများမှ သားသမီးများနှင့် နေပြည်တော် ၈ မြို့နယ်ရှိ ဒေသခံပြည်သူများ၏ သားသမီးများအတွက် နိုင်ငံတကာအဆင့်မီ အဆင့်မြင့် ပညာရပ်များ သင်ယူလေ့လာခွင့်ရရှိစေရန် Naypyitaw State Academy ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်က ကိုဖွင့်လှစ်ခဲ့ပြီး ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန မှတ်တမ်းများအရ သိရသည်။

 

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဝိဇ္ဇာပညာမဟာဌာန၊ သိပ္ပံပညာမဟာဌာန၊ ဥပဒေပညာမဟာဌာနနှင့် စီးပွားရေးပညာ မဟာဌာနဟူ၍ မဟာဌာန ၄ ခုကို စတင် ဖွင့်လှစ်ထားပြီး ဝိဇ္ဇာပညာမဟာဌာနတွင် ဘာသာရပ်ဌာန ၇ ခု၊ သိပ္ပံပညာမဟာဌာနတွင် ဘာသာရပ်ဌာန ၃ ခု၊ ဥပဒေပညာ မဟာဌာနတွင် ဘာသာရပ်ဌာန ၁ ခုနှင့် စီးပွားရေးပညာ မဟာဌာနတွင် ဘာသာရပ်ဌာန ၄ ခု၊ စုစုပေါင်း ဘာသာရပ်ဌာန ၁၅ ခုကို စတင်ဖွင့်လှစ်သင်ကြားရန် စီစဉ်ထားပြီး လာမည့်ပညာသင်နှစ်များတွင် ဆေးသိပ္ပံမဟာဌာန၊ အားကစားပညာ မဟာဌာနနှင့် လူမှုရေး ပညာမဟာဌာနများကို တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်သည့်အတွက် စုစုပေါင်း မဟာဌာန ၇ ခုအထိရှိလာမည်ဖြစ်ကြောင်းလည်း သိရသည်။

 

ယင်းအပြင် နိုဝင်ဘာလ ၁၂ ရက်က အင်ဂျင်နီယာပညာရပ်များကို သင်ကြားပေးနိုင်မည့် နည်းပညာတက္ကသိုလ်ကို ဖွင့်လှစ်ခဲ့ပြီး ယင်းတွင် အင်ဂျင်နီယာ ဘာသာရပ်ကြီး ၄ ခု၊ အလုပ်အကိုင် အခွင့်အလမ်း အများဆုံးဖြစ်သည့် သုတနည်းပညာ ဘာသာရပ်နှင့် ဒေသလိုအပ်ချက်အရ ဗိသုကာဘာသာရပ် အပါအဝင် စုစုပေါင်း ဘာသာရပ် ၆ ခုကို ဖွင့်လှစ်၍ လေ့ကျင့် သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

 

နေပြည်တော်၌ လက်ရှိဖွင့်လှစ်ပို့ချ လျက်ရှိသည့် အစိုးရမူလတန်းကျောင်း ၅၀၈ ကျောင်း၊ အစိုးရအလယ်တန်းကျောင်းပေါင်း ၁၂၀ ၊ အစိုးရ အထက်တန်းကျောင်း ၁၂၉ ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း ၅၇ ကျောင်း ရှိပြီး ပုဂ္ဂလိကကျောင်းများအပါအဝင် လိုအပ်သည့်ကျောင်း၊ တက္ကသိုလ်များကိုလည်း ဆက်လက် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

 

နေပြည်တော်ကို ၂၀၀၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

 

#ymg/mt
#Yangon_Media_Group