#LocalNews
Published_19 November 2022

 

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက်၊ သိမ်ဖြူလမ်း၊ အမှတ်(၅၀၀) မြေညီထပ်တွင် ဖွင့်လှစ်ထားသည့် Ye Min Aung Money Changer ကို ဓားပြတိုက်မှု ကျူးလွန်သူများအား ဖမ်းဆီးရမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

 

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက် ညနေ ၄ နာရီ ၁၅ မိနစ်အချိန်ခန့်ကအဆိုပါMoney Changer သို့ အမျိုးသား ၃ ဦးဝင်ရောက်လာပြီး အမျိုးသား ၂ ဦးက သေနတ်ဖြင့်ချိန်ကာ ကျန်အမျိုးသားတစ်ဦးက ဓားမြှောင်တစ်လက်ကိုင်ဆောင်ခြိမ်းခြောက်၍ ဆိုင်ရှိ ငွေကျပ်သိန်း ၃၀၀ ခန့်နှင့် I phone တစ်လုံးကို ဓားပြတိုက်ယူဆောင်သွားခဲ့ကြကြောင်း သိရသည်။

 

ယင်းဓားပြတိုက်မှုတွင် လူ ၄ ဦးက ပူးပေါင်းကျူးလွန်ခဲ့ကြခြင်းဖြစ်ပြီး ၃ ဦးက ဆိုင်အတွင်း ဝင်ရောက်လုယက်ကာ တစ်ဦးမှာ ဆိုင်အပြင်ဘက်ရှိ မော်တော်ယာဉ်ပေါ်၌ အသင့်စောင့်ဆိုင်းနေခဲ့ကြောင်း၊ အခင်းဖြစ်နေရာ၌ လုယက်သူများကျန်ရှိခဲ့သည့် ပစ္စတိုသေနတ်တစ်လက်၊ ကျည်အိမ်တစ်ခု၊ 9mm ကျည် ၉ တောင့်နှင့် ကျည်ခွံတစ်ခုတို့ကို သက်ဆိုင်ရာက သိမ်းဆည်းရမိခဲ့ကြောင်း၊အမှုကို တောင်ညွန့်မြို့မရဲစခန်းတွင် (ပ)၃၅၂/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅ ဖြင့် ဖွင့်လှစ်ထားခဲ့ကြောင်း သိရသည်။

 

ဓားပြတိုက်မှုကျူးလွန်စဉ်က အသုံးပြုခဲ့ သည့် မော်တော်ယာဉ် မောင်းနှင်ပေးခဲ့သူ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက်၊ ၁၀၃ လမ်း၊ တိုက်အမှတ်(၂၇)၊ ၆ လွှာ-အေနေ အသက် ၁၉ နှစ် အရွယ် အောင်ပိုင်ဦး(ခ)ပိုင်ပိုင် အား ငွေစက္ကူ ရောရာ ၄၅ သိန်း၊ Redmi K30 အမျိုးအစား အပြာရောင်ဖုန်းတစ်လုံး၊ ဓားပြတိုက်မှုကျူးလွန်စဉ် ဝတ်ဆင်အသုံးပြုခဲ့သည့် အနက်ရောင်တီရှပ်အင်္ကျီလက်တို တစ်ထည်၊ အဖြူရောင်ဘောင်းဘီရှည် တစ်ထည်တို့နှင့်အတူ နိုဝင်ဘာလ ၁၈ ရက်နံနက် ၈ နာရီ ၄၅ မိနစ်အချိန်က မင်္ဂလာတောင်ညွန့် မြို့နယ်၊ ဗိုလ်မင်းရောင်လမ်းရှိ မြယာကုန်းမီးပွိုင့်တွင် စတင်ဖမ်းဆီးရမိခဲ့ကြောင်း ယင်း၏ ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ သာကေတမြို့နယ်၊ (၇/အရှေ့)ရပ်ကွက်၊ သဇင်နီလမ်း၊ အမှတ်(၉)နေ အသက် ၂၄ နှစ်အရွယ် အောင်ရဲနိုင်(ခ) အရှည်ကြီး ကို Redmi K30 အမျိုးအစား ခရမ်းရောင်ဖုန်း တစ်လုံးနှင့်အတူ ယင်းနေ့ နံနက် ၉ နာရီ ၃၅ မိနစ်အချိန်တွင် သာကေတမြို့နယ်၊ မင်းနန္ဒာလမ်းနှင့် မင်းရဲကျော်စွာလမ်းထိပ်တွင် ဖမ်းဆီးရမိခဲ့ပြီး အလားတူ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ သာကေတမြို့နယ်၊ (၆/အရှေ့)ရပ်ကွက်၊ အောင်သုခ(၂၂)လမ်း၊ အမှတ်(၁၁၅၄)နေ အသက် ၂၄ နှစ်အရွယ် မင်းဟိန်း(ခ)ဂွပု အား ယင်းနေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်အချိန်တွင် Oppo A16K အမျိုးအစား အနက်ရောင်ဖုန်းတစ်လုံးနှင့်အတူ ၎င်း၏ နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖမ်းဆီးရမိသူများ၏ထွက်ဆိုချက်အရ ဓားပြတိုက်မှုကို ဖမ်းဆီးရန်ကျန်နေသေးသည့် ဝေကြီး(ခ)ဝေဖြိုးအောင်က ဦးဆောင်၍ အဖွဲ့ဝင် ၄ ဦးဖြင့် ကျူးလွန်ခဲ့ကြခြင်းဖြစ်ပြီးဓားပြတိုက်မှုကျူးလွန်စဉ် ဝေကြီး(ခ)ဝေဖြိုးအောင်က ပစ္စတိုသေနတ်ကို ကိုင်ဆောင်ကာ အောင်ရဲနိုင်(ခ)အရှည်ကြီးနှင့်အတူ ဆိုင်အတွင်း ဝင်ရောက်လုယက်ဓားပြတိုက်ခဲ့ကာ မင်းဟိန်း(ခ)ဂွပုက ဆိုင်အပေါက်ဝတွင် အခြေအနေစောင့်ကြည့်ပေးပြီး အောင်ပိုင်ဦး(ခ)ပိုင်ပိုင်က ဆိုင်အပြင်၌ မော်တော်ယာဉ်ဖြင့် အသင့်စောင့်ဆိုင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ပစ္စတိုသေနတ်ကိုလည်း ဖမ်းဆီးရန်ကျန်သူ ဝေကြီး(ခ) ဝေဖြိုးအောင် က ယူဆောင်လာခဲ့ခြင်းဖြစ်ပြီး ဓားပြတိုက်မှုကျူးလွန်ရာမှရရှိ ခဲ့သည့် ငွေ ၁၇၃ သိန်းကျပ် အနက်မှ အောင်ပိုင်ဦး(ခ)ပိုင်ပိုင်အား ၁၅ သိန်းကျပ်၊ မင်းဟိန်း(ခ)ဂွပုအား ၁၀ သိန်းကျပ်၊ အောင်ရဲနိုင်(ခ)အရှည်ကြီးအား ၁၅ သိန်းကျပ်စီ အသီးသီးခွဲတမ်းအဖြစ်ပေးအပ်ခဲ့ကာ ကျန်ငွေများကို ဝေကြီး(ခ)ဝေဖြိုးအောင်က ယူဆောင်ခဲ့ခြင်းကြောင်း ဖော်ထုတ်သိရှိရသည်။

 

#ymg/sth
#Yangon_Media_Group