Published 18 Nov 2022

ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရက်ဆော့ခွန်ဟာ အာဆီယံဥက္ကဋ္ဌရဲ့ အထူးသံတမန်အဖြစ် သူဟာ မြန်မာနိုင်ငံကို လာမယ့် အပတ်တွေထဲ တတိယအကြိမ်လာရောက်ဖို့ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။

ဒီလိုသွားရောက်ခြင်းဟာ မြန်မာနိုင်ငံကို ပုံမှန်အနေအထားနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး အတွက် နောက်ထပ်ကြိုးပမ်းအားထုတ်မှုဖြစ်တယ်လို့လည်းဆိုပါတယ်။

ယနေ့ နိုဝင်ဘာ (၁၈)ရက်မှာ ထုတ်ပြန်တဲ့ ကြေညာချက်အရ မြန်မာနစကရဲ့ အကျဉ်းသားတွေလွှတ်လိုက်တဲ့အပေါ် ကြိုဆိုတယ်လို့ ဆော့ခွန်ကပြောကြောင်းသိရပါတယ်။ အကျဉ်းသား ခြောက်ထောင်ကျော်ကို မြန်မာနိုင်ငံက လွှတ်ပေးလိုက်တာဟာ  အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ချက်နှင့်အညီ လက်ရှိအကျပ်အတည်းတွက် ငြိမ်းချမ်းတဲ့ ဖြေရှင်းမှုတစ်ခု ရှာဖွေဖို့ အခွင့်အလမ်းတွေ လမ်းပွင့်သွားတဲ့ ကောင်းမွန်တဲ့စိတ်ထားတစ်ခုဖြစ်တယ်လို့ သူက ပြောကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ ယခု အကျဉ်းသား အမြောက်အမြားလွှတ်ပေးခြင်းဟာ မြန်မာနိုင်ငံမှ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေအကြား ဆွေးနွေးမှု လုပ်ငန်းစဉ်တစ်ခုစတင်ဖို့အတွက် ထောက်ကူပေးမယ့် ဝန်းကျင်တစ်ခုကိုဖန်တီးဖို့ လမ်းကြောင်းမှန်ပေါ်က အရေးကြီးတဲ့ ပြမူမှုတစ်ခုလို့ အထူးသံတမန်က မှတ်ယူပါတယ်”

“ဒါဟာ လက်ရှိအကျပ်အတည်းအတွက် ငြိမ်းချမ်းတဲ့ ဖြေရှင်းမှုတစ်ခုဆက်လက်ဆောင်ရွက်ရာမှာ အရေးကြီးတဲ့ ပြူမူမှုတစ်ခုနှင့် ၂၀၂၁ခုနှစ် ဧပြီ ၂၄ ရက်နေ့မှာ အာဆီယံခေါင်းဆောင်တွေအစည်းအဝေးမှာ ရရှိခဲ့တဲ့ ဘုံသဘောတူညီချက်(၅)ချက်ရဲ့ အနှစ်သာရနှင့်ကိုက်ညီတဲ့ ကောင်းမွန်တဲ့တိုးတက်မှုတစ်ခုဖြစ်တယ်” လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

သတင်းထုတ်ပြန်ချက်ထဲမှာ သတိထားမိစရာ လူပုဂ္ဂိုလ်အချို့လွတ်မြောက်လာတာကို အမည်နှင့်တကွဖော်ပြထားပါတယ်။ အဲဒီအထဲမှာ ယခင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်၊ ရှစ်လေးလုံး ဒီမိုကရေစီလှုပ်ရှားတက်ကြွသူ ကိုမြအေးတို့အမည်တွေပါဝင်ပါတယ်။

လွှတ်ပေးတဲ့အထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်နှင့် ပြောရေးဆိုခွင့်ရသူ ဦးမျိုးညွန့်၊ အလုပ်အမှုဆောင် ဦးသိန်းဦး၊ NLD ဥပဒေအကြံပေး ဦးကျော်ဟိုး၊ ပါမောက္ခ ဦးမောင်သာချို၊ ရွှေညဝါဆရာတော်၊ ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုမန်းနှင့် သူ့ခင်ပွန်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးပါမောက္ခ ရှောင်တာနယ်၊ ဂျပန်သတင်းထောက်နှင့် ရုပ်ရှင်ထုတ်လုပ်သူ တိုရူကူဘိုတာ၊နှင့် အမေရိကန်နိုင်ငံသား ဦးကျော်ဋ္ဌေးဦး တို့ပါဝင်ကြပါတယ်။

“ အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရေးနှင့် အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ခုအတွက် ယုံကြည်မှုတည်ဆောက်ရေးဆိုသည့် ဘုံသဘောတူညီချက်(၅)ချက်၏ ဦးစားပေးလုပ်ငန်း(၃)ခုရရှိနိုင်စေရေးအတွက် ပိုပြီးတိုးတက်ဖြစ်ထွန်းမှုများရှိလာမည်ဟုယုံကြည်ပါသည်” လို့လည်း ဆော့ခွန်ကပြောပါတယ်။

Source: Phnom Penh Post

#ASEAN_Special_Envoy

#Prak_Sokhonn

#Myanmar_ASEAN