#Local_News
Published_ 12 November 2022

 

အသက်မပြည့်စစ်သည် ၁၀၅၇ ဦးကို မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးပြီးဖြစ်ကြောင်း အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောကြားခဲ့ပါတယ်။

 

အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး ကော်မတီအစည်းအဝေး(၂/၂၀၂၂)ကို နိုဝင်ဘာ ၁၁ ရက် နံနက် ၁၀ နာရီတွင် ကာကွယ်ရေး ဝန်ကြီးဌာန၌ ကျင်းပစဉ်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးအတွက် ၂၀၀၄ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီကို စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှ CTFMR နှင့် Plan of Action လက်မှတ်မရေးထိုးမီ ၂၀၁၂ ခုနှစ် ဇွန် ၂၇ ရက်အထိ အရွယ်မရောက်သေးသူ ကလေးသူငယ် ၅၉၇ ဦးကို တပ်မတော်မှ နှုတ်ထွက်ခွင့် ပေးခဲ့ပါတယ်။

 

ထို့နောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အစီရင်ခံစာတွင် တပ်မတော် (ကြည်း)ပါဝင်နေခြင်းအား စာရင်းမှပယ်ဖျက်နိုင်ရန်အတွက် မြန်မာနိုင်ငံနှင့် Country Task Force on Monitoring and Reporting (CTFMR)တို့အကြား အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းစီမံချက်(Plan of Action)ကို ၂၀၁၂ ခုနှစ် ဇွန် ၂၇ ရက်တွင် လက်မှတ်ရေးထိုးပြီး ပူးပေါင်းဆောင်ရွက်ခဲ့ပါတာပါ။

 

အဆိုပါစီမံချက်အရ CTFMR နှင့်ပူးပေါင်းပြီး အရွယ်မရောက်သေးမီ မှားယွင်း စုဆောင်းခဲ့သည့် အသက်မပြည့်စစ်သည် (၁၀၂၉)ဦးကို တပ်မတော်မှ နှုတ်ထွက်ခွင့်ပြုကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့နောက် CTFMR နှင့် အသက်မပြည့်ကြောင်း အတည်ပြုပြီးဖြစ်သည့် စစ်သည် (၂၈)ဦးကိုလည်း ၂၀၂၂ ခုနှစ် မေ ၁၃ ရက်တွင် မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးခဲ့ရာ ယခုအချိန်အထိ (၁၀၅၇)ဦး ရှိပြီဖြစ်တယ်လို့ ဆိုပါတယ်။

 

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီမှ အောက်တိုဘာအထိ တပ်မတော်သို့ တာဝန်ထမ်းဆောင်ရန် ဝင်ရောက်လာသော လူငယ်များအား စိစစ်ခဲ့ရာ အသက်မပြည့် သံသယဖြစ်ဖွယ် လူငယ် (၄၅) ဦးနှင့် ဆန္ဒမပါသူ (၁၄၀) ဦး စုစုပေါင်း (၁၈၅) ဦးကို လက်ခံခြင်းမပြုဘဲ မိဘအုပ် ထိန်းသူများထံသို့ ပြန်လည်စေလွှတ်ခဲ့ပါကြောင်း၊ သံသယစစ်သည် (၇၉) ဦးကို CTFMR နှင့် အမှုတွဲတိုက်ဆိုင် စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မှန်ကန်ပါက နှုတ်ထွက်ခွင့်ပြုနိုင်ရေး ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်၊
ထို့အပြင် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ် တို့တွင် CTFMR မှ ထပ်မံပေးပို့လာသည့် သံသယဖြစ်ဖွယ်စစ်သည် (၁၂)ဦးကို စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါတယ်။

 

ygm_mnn
#Yangon_Media_Group