#Local_News
Published_ 6 November 2022

 

မြန်မာနိုင်ငံတွင် ယုံကြည်ကိုးကွယ်မှု ဘာသာတရားနှင့် ပတ်သက်ပြီး လွတ်လပ်စွာ ယုံကြည်ကိုးကွယ်နိုင်ကြောင်း ဟိန္ဒူဘာသာသာသနာ အပါအဝင် အခြားဘာသာကြီးများကို နိုင်ငံတော်က အသိအမှတ်ပြုပြီး တတ်နိုင်သမျှ ကူညီစောင့်ရှောက်ပေးလျက်ရှိတဲ့အတွက် ဘာသာဝင်တိုင်းသည် မိမိတို့ကိုးကွယ်ရာ ဘာသာတရားအလျောက် ကျင်းပကြ တဲ့ ဘာသာရေးပွဲတော်များကို အနှစ်သာရရှိရှိကျင်းပပြုလုပ်နိုင်ခြင်းဟာ ကောင်းမြတ်တဲ့ အစဉ်အလာဖြစ်တယ်လို့ နစကဥက္ကဌကပြောကြားခဲပါတယ်။

 

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုဝင်ဘာ ၆ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ သျှရီမဟာလက်ချ်မီး မယ်တော်ကြီး ဘုရားကျောင်း၌ ကျင်းပပြုလုပ်သည့် ဟိန္ဒူရိုးရာပွဲတော်များတွင် အထွဋ်မြတ်ဆုံးပွဲတော် တစ်ခုဖြစ်သော ဒီပါဝလီမီးထွန်းပွဲတော်သို့ တက်ရောက်ချီးမြှင့်စဉ် ပြောကြားခဲ့တာဖြစ်ပါတယ်။

 

ထို့ပြင် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ အဓိကဘာသာကြီး လေးဘာသာရှိတဲ့အနက် ဘာသာ အသီးသီးတို့၏ ဘာသာရေးအခမ်းအနားများ ဆောင်ရွက်ကြရာတွင် နိုင်ငံတော် အစိုးရ အနေဖြင့် လိုအပ်သည့် အကူအညီ အထောက်အပံ့များ ပေးအပ်လျက် ရှိသကဲ့သို့ ဆိုင်ရာ ဆိုင်ရာအခမ်းအနားများကိုလည်း နိုင်ငံတော်အကြီးအကဲများနှင့် ပြည်ထောင်စု ဝန်ကြီးများ တက်ရောက်၍ အားပေးချီးမြှင့်လျက်ရှိတယ်လို့ ဆိုပါတယ်။

 

အခမ်းအနားတွင် ဟိန္ဒူရိုးရာအစဉ်အလာများနှင့်အညီ ပူဇော်ကန်တော့ခြင်းများ ဆောင်ရွက်ကြပြီးနောက် နစကဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံ အမတ်ကြီးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးတို့အား ပွဲတော်ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်နိုင်က ဟိန္ဒူရိုးရာထုံးတမ်းစဉ်လာများအရ ရိုးရာပန်းကုံးစွပ်၍ ပိုးပုဝါ ခြုံထည်ဖြင့် ဂုဏ်ပြုခဲ့ပါတယ်။

 

ထို့နောက် နစကဥက္ကဋ္ဌက ဟိန္ဒူရိုးရာ ဒီပါဝလီ မီးထွန်းပွဲတော်သို့ တက်ရောက် ချီးမြှင့်ခြင်းနှင့်ပတ်သက်၍ ပြောကြားရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း (၈)၊ ပုဒ်မ-၃၆၂ တွင် “နိုင်ငံတော်သည် ခရစ်ယာန် ဘာသာသာသနာ၊ အစ္စလာမ်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာ သာသနာနှင့် နတ်ကိုးကွယ်သော ဘာသာ တို့ကို ကိုးကွယ်ရာဘာသာ သာသနာများ” ဟူ၍ အသိအမှတ်ပြု ပြဋ္ဌာန်းထားပါကြောင်း၊ ထို့အပြင် ပုဒ်မ-၃၆၃ တွင်လည်း “နိုင်ငံတော်က အသိအမှတ်ပြုထားသော ဘာသာ သာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက် ရမည်”ဟုလည်း ထပ်မံပြဋ္ဌာန်းထားတယ်လို့ ဆိုပါတယ်။

 

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးက မြန်မာနိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့သည် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး ဘာသာတရား၊ ယဉ်ကျေးမှုနှင့် ကိုးကွယ်မှုများ အခြေခံအားဖြင့် တူညီမှုရှိကြောင်း၊ ထို့ပြင် နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများ အချင်းချင်းကောင်းမွန်တဲ့ ဆက်ဆံရေးများရှိကြကာ ပိုမိုတိုးမြှင့်ခိုင်မာစေရေး ဆက်လက် ထိန်းသိမ်းဆောင်ရွက် သွားကြရမယ်လို့ ဆိုပါတယ်။

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီးက ဒီပါဝလီပွဲတော်သည် ဟိန္ဒူလူမျိုးများ အတွက် အရေးကြီးသည့် ပွဲတော်တစ်ခုဖြစ်ပြီး ယခုကဲ့သို့ တက်ရောက်ခွင့်ရရှိသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ရှိ ဘာသာဝင်များအားလုံး ငြိမ်းငြိမ်းချမ်းချမ်းရှိကြရန် မေတ္တာပို့သပါကြောင်း၊ ပွဲတော်အထိမ်းအမှတ် ဂုဏ်ပြုသည့် စကားအနေဖြင့် “ချစ်စကိုရှည်စေ၊ မုန်းစကိုတိုစေ”ဟု ပြောကြားလိုကြောင်းနှင့် ကြွရောက် လာကြသူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေကြောင်း မြန်မာဘာသာစကားဖြင့် ပြောကြားခဲ့ပါတယ်။

ygm_mnn

#Yangon_Media_Group