#Local_News
Published – 2 November 2022

 

စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်သည့် စားအုန်းဆီဈေးနှုန်းမှာ မြင့်တက်လာသော်လည်းဈေးကွက်အတွင်း စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာ ၆၀၀၀ ဝန်းကျင်အထိကျဆင်းလာကြောင်း ရောင်းသူ၊ ဝယ်သူများထံမှ သိရသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အခြေခံလက်ကားရည်ညွှန်းဈေးကို တစ်ပါတ်တစ်ကြိမ်ထုတ်ပြန်ပေးနေပြီး ယခုတစ်ပါတ်တွင် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာကို ၄၂၂၅ ကျပ် သတ်မှတ်ထုတ်ပြန်ပေးထားခြင်းဖြစ်သည်။

 

ယခုတစ်ပါတ်တွင် ထုတ်ပြန်ပေးသည့် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ ပြီးခဲ့သည့်တစ်ပါတ်ထက် ၅၀ ကျပ်ခန့် တတ်လာသော်လည်း ပြင်ပဈေးကွက်တွင် စားအုန်းဆီဈေးနှုန်းမှာ တဖြည်းဖြည်းကျဆင်းလာခြင်းဖြစ်သည်။

 

“စားအုန်းဆီဈေးနှုန်းကတော့ကျလာပြီ။ တစ်ဆိုင်နဲ့တစ်ဆိုင်ဈေးကတော့မတူဘူးပေါ့။ ဒါပေမယ့် အရင်လောက်တော့ ဈေးကမရှိတော့ဘူး”ဟု တောင်ဥက္ကလာပမြို့နယ်မှ အိမ်ရှင်မတစ်ဦးက ပြောသည်။

 

ဈေးကွက်အတွင်း၌ စားအုန်းဆီဈေးနှုန်းကျဆင်းလာသော်လည်း ပြည်တွင်းထုတ် ပဲဆီ၊ နှမ်းဆီဈေးနှုန်းမှာတော့ ကုန်ကြမ်းရှားပါးခြင်းကြောင့် ဆက်လက်ဈေးမြင့်တက်နေခြင်းဖြစ်သည်။

 

ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု အသိပေးထုတ် ပြန်ထားသည်။

 

#ymg/STH
#Yangon_Media_Group