#Local_News
Published_31 October2022

 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၊ အောင်ဓမ္မရိပ်သာလမ်း၊ အိမ်အမှတ် (၄/၂၈-က) နေ အငြိမ်းစားဗိုလ်ချုပ် ဦးအုန်းသွင်နှင့် ၎င်း၏သားမက်ဖြစ်သူ ကိုရဲတေဇတို့အပါအဝင် အခြားသူများအား လုပ်ကြံခဲ့ကြသူများကို ဖမ်းဆီးမိကြောင်း နစက က ထုတ်ပြန်လိုက်သည်။

 

အငြိမ်းစားဗိုလ်ချုပ် ဦးအုန်းသွင်နှင့် ၎င်း၏သားမက်ဖြစ်သူ ကိုရဲတေဇတို့နှစ်ဦးမှာ စက်တင်ဘာလ ၂၄ ရက်၊ နေ့လယ်ပိုင်းကမြို့တွင်းမှ နေအိမ်သို့ မော်တော်ယာဉ်ဖြင့် ပြန်လာစဉ်နေအိမ်ရှေ့သို့အရောက်တွင် ပစ္စတိုဖြင့်လုပ်ကြံသတ်ဖြတ်ခြင်းကိုခံခဲ့ရခြင်းဖြစ်သည်။

 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အကြမ်းဖက်မှုကို မလိုလားသော ပြည်သူများ၏ သတင်းပေးမှု များကြောင့် တရားခံ ကျော်ကောင်းထက် (ခ)ကောင်းထက်(ခ)အောင်နိုင်မိုး ကို အောက်တိုဘာလ ၁ ရက်က ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဖူဆန်တရုတ်ဘုံကျောင်းအနီး၌ ဖမ်းဆီးရမိခဲ့‌ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

ဖမ်းဆီးရမိသော ကျော်ကောင်းထက်(ခ)ကောင်းထက်(ခ)အောင်နိုင်မိုး၏ ထွက်ဆိုချက်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်း အပြစ်မဲ့ပြည်သူများအား လုပ်ကြံ သတ်ဖြတ်မှုများတွင်ပါဝင်ခဲ့သည့် ဆက်စပ်တရားခံများဖြစ်ကြသည့် ဥက္ကာဖြိုး(ခ)ဖရန့်(ခ) အုပ်ကြီး၊ ဇင်မေလတ်(ခ)ရတီ(ခ)ဧပရယ်၊ သန်းထက်ဇင်(ခ)မိုးစက်၊ ညီညီချစ်ထူး(ခ)မိုင်း၊ ရွှန်းလဲ့ဝေ(ခ)ဟာနာ(ခ)နောဝိုင် တို့ကို ကမာရွတ်မြို့နယ်၊ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ တက္ကသိုလ်ရေကူးကန်၌လည်းကောင်း၊ နေရှိုင်း(ခ)ရှိုင်းထက်အား ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ စက်မှုလယ်ယာ(၃)လမ်း၊ အိမ်အမှတ်(၁၃၁၄)၌ အောက်တိုဘာလ ၂ ရက် နံနက်ပိုင်းကလည်းကောင်း၊ သန်းထွဋ်ပိုက်(ခ)ကိုစိုင်း(ခ)ဂျိုးမိုက်နှင့် ပန်းအိအိကျော်(ခ)အိန္ဒြာ တို့ကို ကမာရွတ်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ပြည်လမ်းရှိ သုခကမ္ဘာဆေးရုံအနီး၌ အောက်တိုဘာလ ၃ ရက်တွင် လည်းကောင်း၊ ဇေယျာလင်းထက်(ခ) ဟန်လင်းထက်ကို သာကေတမြို့နယ်၊ အမှတ်(၂)တောင်ရပ်ကွက်၊ ဇောတာရုံလမ်း၌ အောက်တိုဘာလ ၆ ရက်တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြခြင်း ဖြစ်သည်။

 

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ယင်းတို့အနေဖြင့် အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းများကိုရန်ကုန်တိုင်းဒေသကြီး၊လှိုင်မြို့နယ်၊ မာလာမြိုင်(၄)လမ်း၊ အိမ်အမှတ်(၉၆) တွင်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ လောင်းပြည့်ရွာအနီး၌ မင်းကင်း PDF အဖွဲ့ထံတွင် လည်းကောင်း တက်ရောက်ခဲ့ကြကြောင်း၊ ဖမ်းဆီးရန်ကျန်နေသေးသည့် ကိုပိုင်(ခ)စစ်နိုင် ခေါင်းဆောင်၍ ဥက္ကာဖြိုး(ခ)ဖရန့်(ခ)အုပ်ကြီး၊ သန်းထက်ဇင်(ခ)မိုးစက်၊ ကျော်ကောင်းထက်(ခ)ကောင်းထက်(ခ)အောင်နိုင်မိုး၊ သန်းထွဋ်ပိုက်(ခ)ကိုစိုင်း(ခ) ဂျိုးမိုက်၊နေရှိုင်း(ခ)ရှိုင်းထက်၊ ဇေယျာလင်းထက်(ခ)ဟန်လင်းထက်၊ ညီညီချစ်ထူး (ခ)မိုင်း၊ရွှန်းလဲ့ဝေ(ခ)ဟာနာ(ခ)နောဝိုင်၊ဇင်မေလတ်(ခ)ရတီ(ခ)ဧပရယ်၊ ပန်းအိအိကျော် (ခ)အိန္ဒြာ ၊ သီဟ(ခ)ကူးပါး၊ ကိုထက်(ခ) ကိုဗန်၊ ကိုလင်း တို့ပါဝင်သော အဖွဲ့ဝင် ၁၄ ဦးဖြင့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လက ရန်ကုန်တိုင်းဒေသကြီးအတွင်း Inya Urban Force-IUF အဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်ဟု နစက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

IUF အဖွဲ့အနေဖြင့် အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် ဖောက်ခွဲမှု ၂ ကြိမ်ပြုလုပ်ခဲ့သည့်အပြင် ရန်ကင်းမြို့နယ်၊ ကန်ပတ်လမ်းနှင့် ရန်ကင်းလမ်းထောင့်ရှိ ယာဉ်ထိန်းရုံးကိုလက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ခတ်ခြင်း၊ ပန်းဘဲတန်း မြို့နယ်၊ ရွှေဘုံသာလမ်းနှင့် အနော်ရထာလမ်းထောင့်ရှိ ယာဉ်ထိန်းရုံးကို လက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများပြုလုပ်ခဲ့ကြောင်းနှင့် လုပ်ကြံသတ်ဖြတ်မှု ၆ ကြိမ် ကျူးလွန်ခဲ့ကြောင်းလည်း ယင်းတွင် ဖော်ပြထားသည်။

 

ယင်းအပြင် ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်း(မြောက်)အရှေ့ရပ်ကွက်၊ ပန်းပင်ကြီးလမ်းနှင့် ဦးသီဟလမ်းထောင့်၌ ရာအိမ်မှူး ဒေါ်နှင်းနှင်းလှိုင် ၊စမ်းချောင်း မြို့နယ်၊ သီရိခေမာရပ်ကွက်၊ သီရိလမ်း၊ အိမ်အမှတ်(၇၇)ရှေ့ လမ်းမပေါ်၌ ရာအိမ်မှူး ဒေါ်ခင်သူဇာအောင်(ခ)ဒေါ်မေသူအောင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၁)ရပ်ကွက်၌ အပြစ်မဲ့ ပြည်သူ ဦးတင်မောင်အေး ၊လမ်းမတော်မြို့နယ်၊ မော်တင် ယာယီဈေးရပ်ကွက်၊ ကမ်းနားလမ်း၊ အောင်ကောင်းစံ စားသောက် ဆိုင်၌ ဗိုလ်မှူး ကုဋေဖြိုးအောင်နှင့် စိုင်းအောင်အောင်ဇော် ၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဘိုကလေးဈေးအနီး၌ အမှတ်(၇) ရပ်ကွက်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း(ခ)ဘော်ဘီ တို့ကိုလည်း လုပ်ကြံခဲ့ကြောင်း ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်ကို ကိုးကား၍ သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

 

#ymg/mt
#Yangon_Media_Group