#World_News
Published 31 October 2022

 

ကုလသမဂ္ဂ၊ တူရကီနဲ့ ယူကရိန်းတို့ဟာ ယူကရိန်းစိုက်ပျိုးရေးထွက်ကုန်များအား ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ခွင့်ရရှိမယ့် ပင်လယ်နက်ပိုင်းဂျုံတင်ပို့ရေးသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ ရှေ့ဆက်လုပ်ဆောင်ခဲ့ကြပြီး သင်္ဘော ၁၆ စင်း ဖြတ်သန်းသွားလာရန် တနင်္လာနေ့မှာ သဘောတူညီခဲ့ကြပေမယ့် ရုရှားတို့ကတော့ အဆိုပါသဘောတူညီချက်ကနေ နှုတ်ထွက်သွားခဲ့ပါတယ်။

 

ဖေဖော်ဝါရီ ၂၄ ရက်နေ့က ယူကရိန်းကိုကျူးကျော်ခဲ့တဲ့ရုရှားဟာ ပင်လယ်နက်သဘောတူညီချက်ကနေ အကန့်အသတ်မဲ့ရပ်ဆိုင်းလိုက်ကာ ရုရှားရဲ့ပင်လယ်နက်သင်္ဘောကြီးတိုက်ခိုက်ခံရပြီးနောက် အဆိုပါသဘောတူညီချက်အရ ဖြတ်သန်းသွားလာနေတဲ့ အရပ်သားသင်္ဘောတွေရဲ့ လုံခြုံရေးအတွက် အာမမခံနိုင်ကြောင်း ဆိုလိုက်ပါတယ်။
ရုရှားရဲ့နှုတ်ထွက်မှုကြောင့် ယူကရိန်း၊ နေတိုး(NATO)၊ ကုလသမဂ္ဂနဲ့ အမေရိကန်တို့က ဝေဖန်လာကြပါတယ်။

 

ကုလအထွေထွေအတွင်းရေးမှူးချုပ် 'အန်တိုနီယိုဂူတာရက်စ်'က ရုရှားရဲ့နှုတ်ထွက်မှုကို စိုးရိမ်မိပြီး တစ်ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာအကြပ်အတည်းကို ဖြေရှင်းနိုင်ရန် နိုင်ငံခြားသင်္ဘောသွားလာမှုတွေကို အချိန်ဆွဲထားကာ သဘောတူညီချက် ပြန်လည်အထမြောက်လာစေရန် ဆောင်ရွက်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောပြခဲ့ပါတယ်။

 

ရုရှားနဲ့ယူကရိန်းတို့ဟာ ကမ္ဘာပေါ်မှာ ဂျုံတင်ပို့ရာအဓိကနိုင်ငံကြီးတွေဖြစ်တဲ့အလျောက် ရုရှားနှုတ်ထွက်မှုကြောင့် နောက်ကာလအပိုင်းအခြားအတွင်း ချီကာဂိုဂျုံဈေးနှုန်းက ၅ ရာခိုင်နှုန်းကျော်မြင့်တက်လာပါတယ်။

 

ဇူလိုင်လကတည်းက ပြောင်း၊ ဂျုံ၊ နေကြာထွက်ကုန်များ၊ မုယောစပါး၊ မုဒုံ၊ ပဲပိစပ် စတဲ့ ကုန်ပစ္စည်းပေါင်း တန်ချိန် ၉.၅ သန်းကျော်ကို တင်ပို့ထားပြီးဖြစ်ပါတယ်။

 

ကုလသမဂ္ဂ၊ တူရကီ၊ ရုရှား၊ ယူကရိန်းအရာရှိများ သဘောတူထားတဲ့ ပူးပေါင်းလုပ်ဆောင်ရေးစင်တာ(JCC)အရ သင်္ဘောများစစ်ဆေးခြင်းနဲ့ သွားလာခွင့်တို့ကို သဘောတူညီထားပါတယ်။

 

ပင်လယ်ရေကြောင်းဆိုင်ရာ လူသားချင်းစာနာမှုအစီအစဉ်အောက်မှာ တနင်္ဂနွေနေ့က ဘယ်သင်္ဘောမှ သွားလာခြင်းမရှိခဲ့ပါဘူး။

 

ဒါပေမဲ့ ကုလရဲ့ထုတ်ပြန်ချက်အရ တနင်္လာနေ့မှာ သင်္ဘောအထွက် ၁၂ စင်း၊ အဝင် ၄ စင်သွားလာခွင့်အတွက် ယူကရိန်းနဲ့တူရကီတို့ သဘောတူညီခဲ့ကြပါတယ်။

 

JCC မှ ရုရှားအရာရှိများရဲ့ထုတ်ပြန်ချက်မှာတော့ သင်္ဘောများ ဘေးကင်းစွာသွားလာရေးအတွက် သက်ဆိုင်ရာစစ်တပ်များ၊ အာဏာပိုင်များနဲ့ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ဖော်ပြထားပါတယ်။

 

တနင်္လာနေ့ ဖြတ်သန်းသွားလာမယ့်အစီအစဉ်ကိုတော့ ရုရှားတို့ဘက်က တုံ့ပြန်ခြင်းမရှိသေးပါဘူး။

 

တူရကီကာကွယ်ရေးဝန်ကြီး'ဟူလူစီအေကာ'က ရုရှားနဲ့ယူကရိန်းကာကွယ်ရေးဝန်ကြီးတို့နဲ့ ဆက်သွယ်ကာ သဘောတူညီချက်ကို ကြိုးစားထိန်းသိမ်းပေးဖို့နဲ့ ရန်စခြင်းမပြုကြဖို့ တိုက်တွန်းလိုက်ပါတယ်။

 

နေတိုးနဲ့ ဥရောပသမဂ္ဂတို့က ရုရှားအနေနဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားဖို့ တိုက်တွန်းလိုက်ပြီး အမေရိကန်တို့ကတော့ ရုရှားဟာ စားနပ်ရိက္ခာကို လက်နက်နဲ့အနိုင်ကျင့်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။

 

Source: Reuters
#Yangon_Media_Group