#Local_News
Published_ 31 october 2022

 

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့၊ မင်းလမ်းကျေးရွာအုပ်စုရှိ တောင်ကြီး-ပျော်ဘွယ်သွားကားလမ်းမကြီးပေါ်တွင် အောက်တို ဘာလ ၃၀ ရက်၊ ညပိုင်းက လမ်းဘေး၌ ရပ်ထားသည့် ၁၀ဘီးကားအား လိုက်ထရပ်ကားမှ ဝင်တိုက်သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

 

ယမန်နေ့ ည ၇ နာရီ ၅၄ မိနစ်ခန့်တွင် တောင်ကြီး- ပျော်ဘွယ်သွားကားလမ်းမကြီးပေါ်၌ TOYOACE လိုက်ထရပ်(အဖြူရောင်) ကားသည် အခင်းဖြစ်နေရာအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင် စက်ပျက်၍ရပ်ထားသည့် NISSAN DIESEL (အဖြူရောင်) ၁၀ ဘီးကားအား အနောက်က ဝင်တိုက်မိခဲ့သည်။

 

ယင်းကဲ့သို့ တိုက်မိမှုကြောင့် လိုက်ထရပ် ကားခေါင်းခန်းအတွင်း လူညပ်နေကြောင်းသတင်းအရ ပျော်ဘွယ်မြို့နယ်မီးသတ်စခန်းတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများမှ ကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

 

ကားခေါင်းခန်းအတွင်းညပ်နေသူအား ကယ်ထုတ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာများရရှိနေသောကြောင့် အလင်းရောင်လူမှုကူညီရေးအသင်းကားဖြင့် ပျော်ဘွယ်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရှိရသည်။

 

#ymg/NN
#Yangon_Media _Group