#Local_News
Published _ 28 October 2022

 

ရန်ကုန်ကလေးဆေးရုံကြီးတွင် မွေးရာပါနှလုံးရောဂါဝေဒနာရှင်ကလေး ၁၃ ဦးကို မခွဲစိတ်ဘဲ နှလုံးပိုက်သွင်းစမ်းသပ်ကုသစက် (Cardiac Catheterization Laboratory) ကို အသုံးပြု၍ ဘောလုံးဖြင့်ချဲ့ကာ ကုသခြင်း၊ အဆို့ဖြင့်ပိတ်၍ ကုသခြင်းများ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သိရသည်။

 

ယင်းကိုကျန်းမာရေးဝန်ကြီးဌာန ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး(ရန်ကုန်) နှလုံးကုသဆောင်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်နှင့် ၂၃ ရက်အတွင်းက ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ Children Hospital (1) မှ ကလေးနှလုံး အထူးကုဆရာဝန် Dr. Do Nguyen Tin ၊ ပါမောက္ခဒေါက်တာခင်မောင်ဦး၊ ပါမောက္ခ (ကလေးနှလုံး)တို့ ဦးဆောင်သည့် ကလေးနှလုံးရောဂါ အထူးကုဆရာဝန်များ ပူးပေါင်းလုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ကြောင်း အောက်တိုဘာလ ၂၇ ရက်တွင် ထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။

 

ကလေးနှလုံးရောဂါကုသခြင်းများကို ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး(ရန်ကုန်)တွင် နှလုံးဆေးကုသဆောင်မှ ကလေးနှလုံးအထူးကုဆရာဝန်များ၊ နိုင်ငံခြားမှကျွမ်းကျင်သော ကလေးနှလုံးအထူးကုဆရာဝန်များဖြင့် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် သြဂုတ်လမှ ယနေ့အထိ စုစုပေါင်းနှလုံးရောဂါဝေဒနာရှင် ကလေးလူနာ ၁၃၉၀ ကို အောင်မြင်စွာကုသနိုင်ခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။

 

ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး(ရန်ကုန်)တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ အောက်တိုဘာလ ၁၂ ရက်အထိ ပြင်ပလူနာကြည့်ရှုကုသမှုအနေဖြင့် ကလေးလူနာ ၂၆၃၇၀ ကိုလည်းကောင်း၊ နှလုံးပုံရိပ်ဖော်စက်ဖြင့်ကုသမှု (Echocardiogram)ဖြင့် ကလေးလူနာ ၁၄၅၂ ဦးကိုလည်းကောင်း၊ နှလုံးပိုက်သွင်း၍ ကုသမှု(Cardiac Catheterization Procedure) ဆောင်ရွက်ပေးသော ကလေးနှလုံးလူနာ ၆၇ ဦးကိုလည်းကောင်း ကုသမှုများပေးအပ်ခဲ့ကြောင်း လည်း ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

#ymg/mt
#Yangon_Media_Group