#Local_News
Published _ 28 October 2022

 

တက္ကသိုလ်တစ်ခုခုကဘွဲ့ရရှိပြီးသူတိုင်း ရေကြောင်းပညာတက္ကသိုလ်၏ အချိန်ပိုင်း ဘွဲ့လွန်ဒီပလိုမာ သင်တန်းများ လျှောက်ထားနိုင်ကြောင်း အဆိုပါ တက္ကသိုလ်က ထုတ်ပြန်လိုက်သည်။

 

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အချိန်ပိုင်း ဘွဲ့လွန်ဒီပလိုမာ သင်တန်းများကို ဒီဇင်ဘာလလ ၁ ရက်တွင် စတင်ဖွင့်လှစ်မည် ဖြစ်သောကြောင့် တက်ရောက်ခွင့်လျှောက်လွှာများကို နိုဝင်ဘာလ ၁ ရက်က စ၍ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ရှိ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်တွင် လာရောက်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း၊ လူဦးရေ ကန့်သတ်ထားသည့်အတွက် လုပ်ငန်းခွင်နီးစပ်မှုရှိသူများကိုသာ စိစစ်ရွေးချယ်သွားမည်ဖြစ်ပြီး လျှောက်လွှာများကို နိုဝင်ဘာဘ ၁၈ ရက် ရုံးချိန်အတွင်း ပြန်လည်ပေးပိုရမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

သင်ကြားမည့် သင်ခန်းစာများမှာ သင်္ဘောလုပ်ငန်းစီမံခန့်ခွဲမှုပညာဘွဲ့လွန်ဒီပလိုမာ(Post Graduate Diploma in Shipping Management) ၊ ဆိပ်ကမ်းစီမံခန့်ခွဲမှုပညာဘွဲ့လွန်ဒီပလိုမာ (Post Graduate Diploma In Port Management) နှင့် ထောက်ပံ့သယ်ယူပို့ဆောင် ရေးစီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာ(Post Graduate Diploma In Transport & Logistics Management) သုံးမျိုးဖြစ်ပြီး သင်တန်းကာလမှာ ၁ နှစ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

 

ထောက်ပံ့သယ်ယူပို့ဆောင်ရေးစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာ အတန်းအတွက် သင်တန်းသားဦးရေ ၇၀ ခေါ်ယူမည် ဖြစ်ပြီး ကျန် ဒီပလိုမာတန်း နှစ်ခုကိုမူ သင်တန်းသားဦးရေ ၅၀ စီ ခေါ်ယူမည် ဖြစ်ကြောင်း၊ အရွေးချယ်ခံရသူများအနက် လူတွေ့ဖြေဆိုခွင့်ရသူများအား လာမည့် နိုဝင်ဘာလ ၂၁ ရက်တွင် ကြေညာမည်ဖြစ်ကြောင်း သိရသည်။

 

#ymg/NN
#Yangon_Media_Group