#Local_News
Published_27 October2022

 

ပုပ္ပါးတောင်ဒေသတွင်ကမ္ဘာ့ဘူမိဥယျာဉ်သတ်မှတ်ခံရနိုင်သည့် ထူးခြားသော ကျောက်ဖြစ်ရုပ်ကြွင်းများ၊ ပုဂံခေတ် ရှေးဟောင်းသံချက်ဖိုများ၊ ထူးခြားသော ဇီဝမျိုးစုံမျိုးကွဲများနှင့် အစွယ်(၂)ထပ်ဆင်၏ ကျောက်ဖြစ်ရုပ်ကြွင်းမေးရိုးများရှိကြောင်းသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက သိရသည်။

 

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ် ဖွဲ့စည်းတည်ထောင်မည့် ပုပ္ပါးတောင်အမျိုးသားဘူမိဥယျာဉ်ဖြစ်မြောက်ရေးနှင့် သစ်တောနယ်မြေပြင်ပတွင် ကျရောက်နေသည့် အဆိုပြု Geosites များနှင့်ဆက်စပ်ခြင်းလုပ်ငန်း၊အမျိုးသားအဆင့်အပြင် ကမ္ဘာ့အဆင့်ဘူမိဥယျာဉ်အတွက်ပါ ရည်ရွယ်၍ ဆက်လက် လုပ်ဆောင်မည့်အခြေအနေများကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

 

ကမ္ဘာ့ဘူမိဥယျာဉ်အစီအစဉ်သည် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့(UNESCO)၏ ဖွံ့ဖြိုးရေးနှင့်ထိန်းသိမ်းရေးကို ဟန်ချက်ညီညီဆောင်ရွက်နေသည့် အစီအစဉ်တစ်ခုဖြစ်ကြောင်း၊ သစ်တောဦးစီးဌာန၏ စီမံအုပ်ချုပ်မှုနယ်မြေအောက်တွင်ရှိသည့် မြန်မာနိုင်ငံ အလယ်ပိုင်း ကျောက်ပန်းတောင်း မြို့နယ်အတွင်းမှ Geosite နေရာ ၁၅ ခုဖြင့် ကနဦးတည်ထောင်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး နောင်တွင်သစ်တောဦးစီးဌာန၏ စီမံအုပ်ချုပ်မှုနယ်မြေပြင်ပတွင်ရှိသည့် Geosite များကိုလည်း ဘူမိဥယျာဉ်၏ Geosites များအဖြစ်ဖော်ထုတ်ကာ ထပ်တိုးဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနက သိရသည်။

 

လက်ရှိတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်း ကျောက်ပန်းတောင်း မြို့နယ်အတွင်းမှ နေရာ ၁၅ ခုကို မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းက ပညာရှင်တွေက စနစ်တကျ ကွင်းဆင်းလေ့လာ ရွေးချယ်ရေး လုပ်ဆောင်နေကြောင်းလည်း၊ အဆိုပါ ကွင်းဆင်းမှု ပြီးစီးပါက ဘူမိနယ်မြေအဖြစ် သတ်မှတ်မည် ဖြစ်ကြောင်းလည်း သိရသည်။

 

#ymg/mt
#Yangon_Media_Group