#Local_News
Published_ 27 October 2022

 

ပြည်ပနိုင်ငံ (၁၂) နိုင်ငံသို့စေလွှတ်မည့် စီးပွားရေးသံမှူး (၁၆) ဦးကို ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လက်တွေ့အသုံးချရေး သင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရပါတယ်။

 

စီးပွားရေးသံမှူးများအနေဖြင့် တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံ၏စီးပွားရေး အခြေ အနေ ကိုသာမက ကမ္ဘာ့စီးပွားရေး အခြေအနေကိုပါ ခြုံငုံသိရှိထားရန် လိုအပ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်က ပြောကြားခဲ့ပါတယ်။

 

အောက်တိုဘ ၂၆ ရက်နံနက်ပိုင်းက စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၌ ကျင်းပသည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လက်တွေ့အသုံးချရေး သင်တန်းဖွင့်ပွဲအခမ်းအနားမှာ ဒုဝန်ကြီးက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံမှ အဓိကပို့ကုန် အလားအလာရှိတဲ့ ဈေးကွက်များ၊ ပို့ကုန်အမယ် သစ်များ တင်ပို့မှုဆိုင်ရာ အချက်အလက်များ၊ သွင်းကုန်ဆိုင်ရာ အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိထားပြီး မြန်မာ့ပို့ကုန်များအတွက် ဈေးကွက်ရှာဖွေ ချိတ်ဆက် ပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

 

ထို့ပြင် ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ အခွန်နှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ဖြေလျှော့မှုများကို မျက်ခြေမပြတ် လေ့လာပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ် ချိတ်ဆက်သွား ရန်နှင့် တာဝန်ထမ်းဆောင်သည့်အခါ နိုင်ငံတော်အပေါ် သစ္စာစောင့်သိပြီး နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာသွားဖို့ မှာကြားခဲ့ကြောင်း သိရပါတယ်။

 

#ygm_mnn
#Yangon_Media_Group