#Local_News
Published_ 23 October 2022

 

လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့နေသော မယ်တော်အမျိုးသမီးအရုပ်(၂)ခုဖြစ်စဉ်နှင့်ပတ်သက်၍ သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်ထုတ်ပြန်လိုက်ကြောင်း သိရသည်၊၊

 

သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် အရုပ်များကို သိဒ္ဓိတင်မှုပြုလုပ်သည့် ဦးရှိုင်းဇာနည်အောင်နှင့်အဖွဲ့အား သာသနာတော်ညှိုးနွမ်းစေမှုဖြင့် တရားစွဲဆိုအရေးယူမည်ဖြစ်သလို ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံတင်ပြခြင်းမရှိဘဲ မိမိသဘောဖြင့်ခွင့်ပြုပေးခဲ့သော တာဝန်ရှိသူဝန်ထမ်းကိုလည်း ဝန်ထမ်းစည်းမျဥ်းစည်းကမ်းနှင့်အညီ စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စည်း၍ ပြင်းထန်စွာအရေးယူမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်၊၊

 

ထုတ်ပြန်ချက်တွင် "ရွှေတိဂုံစေတီတော်ဝတ္တုကံနယ်မြေအတွင်း အမျိုးသမီးအရုပ်(၂)ခုကို သိဒ္ဓိတင်သည့် ဗီဒီယိုကလစ်ဖိုင်များ အောက်တိုဘာလ(၂၂) ရက်နံနက်ပိုင်းက လူမှုကွန်ရက်ပေါ်ထွက်ပေါ်လာသည့်အပေါ် သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာနက ပြန်လည်စိစစ်ခဲ့ကြောင်း၊

 

ယင်းကဲ့သို့စိစစ်ရာတွင် 'လောကဝိဇ္ဇာဓိုရ် မိန်းမလှဒေဝီအထက်ဂိုဏ်းချုပ်ကြီး'Pageတွင် စတင်ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပြီး ယင်းPageမှာ ဦးရှိုင်းဇာနည်အောင်၏ Pageအကောင့်ဖြစ်ကြောင်း ဖော်ပြထားသည်၊၊

 

အောက်တိုဘာ(၂၂)ရက်တွင် ဦးရှိုင်းဇာနည်အောင်အပါအဝင်လူ(၈)ဦးသည် ရွှေတိဂုံတောင်ဘက်မုခ်ကားကွင်းသို့ အရုပ်(၂)ခု၊စဥ့်သူရဿတီမယ်တော်ရုပ်တုငယ်တို့ဖြင့်ရောက်ရှိလာခဲ့ကြောင်း၊ ရွှေတိဂုံလုံခြုံရေး တာဝန်ရှိသူများက အရုပ်ကြီး(၂)ခုကို ရင်ပြင်တော်သို့ တင်ခွင့်မပြုသောကြောင့်တောင်ဘက်ကားကွင်းတွင် ထားရှိခဲ့ပြီး ဦးရှိုင်းဇာနည်အောင်နှင့်အဖွဲ့သည် ရင်ပြင်တော်ပေါ်ကိုတက်သွားကြောင်း
၊၄င်းတို့အဖွဲ့သည် စဥ့်သူရဿတီမယ်တော်ရုပ်တုငယ်ကိုသယ်ဆောင်ကာ စနေထောင့်ရှိ သူရဿတီမယ်တော်ရှေ့တွင် သိဒ္ဓိတင်ပြီး ပြန်ဆင်းသွားကြောင်း၊တောင်ဘက်ကားကွင်းရှိ ကျောက်စာတိုင်အနီးတွင်အရုပ်ကြီး(၂)ခုအား သိဒ္ဓိတင်မှုပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်၊၊

 

ယင်းကဲ့သို့ပြုလုပ်နေစဥ် ရွှေတိဂုံလုံခြုံရေးအဖွဲ့မှ ခေါ်ယူမေးမြန်းပြီး ဖယ်ရှားရှင်းလင်းမှုပြုလုပ်ခဲ့ကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်၍ဦးရှိုင်းဇာနည်အောင်နှင့်အဖွဲ့ကို သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာနက သာသနာတော်ညှိုးနွမ်းစေမှုဖြင့် တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း၊ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံတင်ပြခြင်းမရှိဘဲ မိမိသဘောဖြင့်ခွင့်ပြုပေးခဲ့သော တာဝန်ရှိသူဝန်ထမ်းကိုလည်း ဝန်ထမ်းစည်းမျဥ်းစည်းကမ်းနှင့်အညီ စုံစမ်းစစ်ဆေး ရေးခုံရုံးဖွဲ့စည်း၍ပြင်းထန်စွာအရေးယူမည်ဖြစ်ကြောင်း "သတင်းထုတ်ပြန်ထားသည်၊၊

 

ymg/tthl
#Yangon_Media_Group