#LocalNews
Published_23 October 2022

 

ပုဂံဒေသတွင် မိုးပျံပူဖောင်း ပျံသန်းမှုကို ပြီးခဲ့သည့် ရက်ပိုင်းက စတင်ခဲ့ကြောင်း Balloons Over Bagan က တရားဝင် ရေးသားဖော်ပြထားသည်။

 

ယင်းတွင် Balloons Over Bagan အနေဖြင့် ယခုနှစ်ပွင့်လင်းရာသီ၏ ပျံသန်းမှုကို မကြာသေးခင်ရက်များက စတင်ခဲ့ပြီဖြစ်ကြောင်း၊ပုဂံဒေသ၏ ရှုမျှော်ခင်း၊ မြင်ကွင်းများမှာလည်း ယခင်အတိုင်း အရင်လို ဆွဲဆောင်မှုတွေ အပြည့်ရှိနေဆဲဖြစ်ကြောင်း၊ယင်းကြောင့် မြန်မာတို့၏ နှစ်ပေါင်းထောင်ချီ သမိုင်းကြောင်းရှိသည့် ရာဇဝင်အမွေအနှစ်ရှိရာ ပုဂံဒေသကောင်းကင်ယံ၌ Balloons Over Bagan နှင့် စီးနင်းလွင့်မျောရင်း ပုဂံ ၏ အလှ၊ ပုဂံ၏ဘဝကို ကိုယ်တိုင်ဝင်ရောက်ခံစားနိုင်ရန် ဖိတ်ခေါ်ကြောင်း ရေးသားထားသည်။

 

မိုးပျံပူဖောင်း ပျံသန်းမှုများတွင် လိုက်ပါစီးနင်းသည့် ဧည့်သည်များမှာ နိုင်ငံခြားခရီးသွား အများစု ဖြစ်ကြောင်း၊ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားမှု နောက်ပိုင်း နှင့် ၂၀၂၁ ခုနှစ်၏ နိုင်ငံရေးအပြောင်းအလဲများကြောင့် ပြည်တွင်းသို့လာရောက်လည်ပတ်သည့် ပြည်ပခရီးသွားများ လျော့ကျသွားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

 

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှစ၍ ကိုဗစ်-၁၉ ကပ်ရောဂါ ပြန့်ပွားမှု အခြေအနေ လျော့နည်းလာခဲ့သောကြောင့် ပြည်တွင်းခရီးသွားလာမှုများ စတင်တိုးတက်လာခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့မှ စတင်ကာ နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်ခွင့်ပြုပေးခဲ့ရာ ကမ္ဘာလှည့် e-Visa ကို ၂၀၂၂ ခုနှစ်၊ မေ ၂၀ ရက်က စတင်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။

 

ymg/mt
#Travel_Bagan
#Balloons_Over_Bagan
#Yangon_Media_Group