Published 19 Oct 2022

နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမမှာ ဒီကနေ့ အောက်တိုဘာ ၁၉ ရက်မှာ စတင်ပြသတဲ့ ၂၀၂၂ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ရုရှားစီးပွားရေး လုပ်ငန်းရှင်တွေ ပထမဆုံး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါနှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲမှာ ပုလဲအတွဲပေါင်း ၄၀၀ ၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀တို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ရောင်းချပေးမယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီပြပွဲဖွင့်ပွဲကို နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နစက အဖွဲ့ဝင်တွေ၊ပြည်ထောင်စုဝန်ကြီးတွေအပြင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံရုံးမှ တာဝန်ရှိသူတွေနှင့်ရုရှားစီးပွားရေးလုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ကြတယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရတာဖြစ်ပါတယ်။

ယခုပြပွဲတွင် ပုလဲအတွဲတွေကို ကြမ်းခင်းဈေး အမေရိကန်ဒေါ်လာဖြင့်သတ်မှတ်ထားရှိပြီး ငွေပေးချေမှုကို ပြည်ပ ရတနာကုန်သည်တွေက အမေရိကန်ဒေါ်လာ၊ယွမ်ငွေ၊ထိုင်းဘတ်ငွေတို့ဖြင့်ပေးချေနိုင်ပါတယ်။ ကျောက်မျက်ကျောက်စိမ်းအတွဲတွေကို ကြမ်းခင်းဈေး  ယူရိုငွေဖြင့်သတ်မှတ်ထားပြီး ပြည်ပရတနာကုန်သည်တွေက အမေရိကန်ဒေါ်လာ၊ယူရို၊ယွမ်ငွေ၊ထိုင်းဘတ်ငွေတွေနှင့် ပေးချေရမှာဖြစ်ပါတယ်။ ပြည်တွင်းက မြန်မာကုန်သည်တွေကတော့ ကျပ်ငွေနှင့်ပေးချေနိုင်ကြမယ်လို့ သိရှိရပါတယ်။

ပုလဲအတွဲတွေရဲ့ အနိမ့်ဆုံးအခြေခံဈေးမှာ အမေရိကန်ဒေါ်လာ ၁၀၀၀ဖြစ်ပြီး ကျောက်မျက်အတွဲတွေအတွက် အနိမ့်ဆုံး အခြေခံဈေးကတော့ ယူရို ၅၀၀ဖြစ်ပါတယ်။ ကျောက်စိမ်းအချောထည်အတွက် အနိမ့်ဆုံးအခြေခံဈေး ယူရို ၁၀၀၀နှင့် ကျောက်စိမ်းအရိုင်းအတွဲများအတွက် အနိမ့်ဆုံးအခြေခံဈေးမှာ ယူရိုငွေ ၅၀၀၀ဖြစ်တယ်လို့ သိရှိရပါတယ်။

ယခုပြပွဲကို အောက်တိုဘာ ၂၅ရက်အထိခင်းကျင်းပြသသွားမှာဖြစ်ပါတယ်။

-ymg/knl

#Myanmar

#Myanmar_Gem_Emporium

#Myanmar_Business