Published 17 Oct 2022

ကရင်ပြည်နယ်ဟာ သဘာဝအလှအပများစွာရှိတဲ့အတွက် ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းကို တိုးတက်အောင်ဆောင်ရွက်နိုင်စေဖို့ နိုင်ငံတော်က အားပေးဆောင်ရွက်ပေးနေတယ်လို့ နစက ဥက္ကဋ္ဌ ကပြောကြားပါတယ်။

အောက်တိုဘာ ၁၇ ရက် တနင်္လာနေ့က ကရင်ပြည်နယ်အတွင်းရှိ အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေး MSME လုပ်ငန်းရှင်တွေနှင့် ကရင်ပြည်နယ်ဘားအံမြို့မှာ တွေ့ဆုံရာမှာ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။

“ အိမ်သာလျှင် ဧည့်လာမှာမို့ ဒေသတွင်း ပြည်တွင်းပြည်ပ ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ သာယာလှပတဲ့ ပတ်ဝန်းကျင်ကောင်းတွေရှိဖို့နှင့် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လုံခြုံစိတ်ချရသည့် ပြည်နယ်တစ်ခုဖြစ်ဖို့ ဒေသခံတွေနှင့် ဒေသမှာ လာရောက်အမှုထမ်းနေကြတဲ့ နိုင်ငံဝန်ထမ်းတွေအားလုံးက ဝိုင်းဝန်း ဆောင်ရွက်ကြရမှာဖြစ်ပါတယ်” လို့ ဗိုလ်ချူပ်မှူးကြီးက ပြောဆိုခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တွေ့ဆုံပွဲမှာ ကရင်ပြည်နယ်ရှိ လုပ်ငန်းရှင်တွေက ယင်းတို့ရဲ့လိုအပ်ချက်တွေကိုလည်း တင်ပြခဲ့ကြတယ်လို့သိရပါတယ်။ လုပ်ငန်းရှင်တွေ တင်ပြတာတွေထဲမှာ လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိလိုမှု၊ မျိုးကောင်းမျိုးသန့်လိုအပ်မှု၊ လုပ်ငန်းတွေတိုးချဲ့ဖို့ မြေလိုအပ်မှု၊ဓာတ်မြေဩဇာတွေကို ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိလိုမှု၊စိုက်ပျိုးရေးချေးငွေတွေ ရရှိလိုမှု၊ရာဘာလုပ်ငန်းအတွက် အဆင့်မြင့်နည်းပညာသုံးစက်ရုံတွေ လိုအပ်နေမှု၊ ဒေသပြောင်းတွေကို ပြည်ပသို့ လွယ်ကူစွာတင်ပို့နိုင်ဖို့ သတ်မှတ်ချက်တွေဖြေလျော့ပေးစေလိုမှု၊ ဘားအံတွင် ကုန်စည်ဒိုင်၊ပွဲရုံ၊ကားကြီးကွင်းတွေကို ဆောင်ရွက်ပေးစေလိုမှု၊ရေကြီးရေလျှံမှုမဖြစ်စေရေး သံလွင်မြစ်ကမ်းနံဘေးရှိ ပိတ်ဆို့နေတဲ့ တူးမြောင်းတွေ ပြန်လည် တူးဖော်ပေးဖို့ စတာတွေဖြစ်ပါတယ်။

ကရင်ပြည်နယ်အတွင်း ဒေသထွက်ကုန်ကြမ်းတွေကို အသုံးပြုပြီး ကုန်ထုတ်လုပ်ငန်းတွေ ဆောင်ရွက်နိုင်တဲ့အခြေအနေတွေ၊စိုက်ပျိုးရေးလုပ်ငန်း ခေတ်မီတိုးတက်အောင် ဆောင်ရွက်နိုင်မယ့် အခြေအနေတွေ၊မွေးမြူရေးလုပ်ငန်းတွေကို မြေလွတ်မြေရိုင်းများမှာ စနစ်တကျဆောင်ရွက်နိုင်တဲ့အလားအလာတွေနှင့် ရင်းနှီးမြှပ်နှံရေးချေးငွေကိစ္စ စတာတွေကိုလည်း ဗိုလ်ချူပ်မှူးကြီးက အသေးစိတ်ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

တွေ့ဆုံပွဲအပြီးမှာ ဗိုလ်ချူပ်မှူးကြီးနှင့်အဖွဲ့ဟာ ဘားအံစက်မှုဇုန်မှာ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုကုမ္ပဏီ Precision Auto Engineering ကုမ္ပဏီက ထုတ်လုပ်ရောင်းချနေတဲ့ Bajaj အမှတ်တံဆိပ် သုံးဘီးကားတွေ ထုတ်လုပ်မှုနှင့် လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုတွေကို သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။  Bajaj ဟာ အိန္ဒိယနိုင်ငံ မော်တော်ယာဉ်တစ်ခုရဲ့ အမှတ်တံဆိပ်ဖြစ်ပါတယ်။ အဆိုပါသုံးဘီးကားတွေကို မြန်မာနိုင်ငံဒေသအားလုံးကို ရောင်းချပေးနေတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

နစက ဥက္ကဋ္ဌနှင့်အဖွဲ့ဟာ ဘားအံမြို့ကိုရောက်ရှိနေစဉ်အတွ်း ဇွဲကပင် အားကစားကွင်း အဆင့်မြှင့်တင်တည်ဆောက်နေမှုနှင့် ဘားအံမြို့နှင့် မော်လမြိုင်မြို့တွေမှာရှိတဲ့ တပ်မတော် ဆေးရုံတွေကိုသွားရောက်ခဲ့ပါတယ်။  တပ်မတော်ဆေးရုံတွေမှာ ဆေးဝါးကုသမှုခံယူနေကြတဲ့ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေရဲ့ ကျန်းမာရေးတိုးတက်မှုအခြေအနေတွေကို တစ်ဦးချင်းတွေ့ဆုံ အားပေးခဲ့တယ်လို့လည်း သတင်းရရှိပါတယ်။

-ymg/knl

#Kayin_State

#SG_Min_Aung_Hlaing

#MSME_Myanmar