#Local_News
Published _5 October 2022

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းချောင်းရဲစခန်းကို ယနေ့ အောက်တိုဘာလ ၅ ရက် နံနက်က အဝေးက လှမ်းပစ်မှု ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာက သိရသည်။

 

အဆိုပါ ပစ်ခတ်မှုကို လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဒေသလုံခြုံရေးများကလည်း လုံခြုံရေးပြန်လည် လုပ်ဆောင်ခဲ့သောကြောင့် လက်နက်ကိုင်အချို့ ဆုတ်ခွာခဲ့ကြကြောင်းလည်း သိရသည်။

 

"ထိခိုက်မှုဘာမှ မရှိဘူး။ အဝေးကနေ လှမ်းပစ်တာ။ လုံခြုံရေးဘက်ကလည်း လုံခြုံရေးကိစ္စ ဆက်လုပ်နေတယ်။ အခုလည်း လုပ်နေပါတယ်"အဆိုပါ သက်ဆိုင်ရာ တာဝန်ရှိသူက ပြောသည်။

 

ယခုအခါ ဘုရားဖူးပွင့်လင်းရာသီဖြစ်သောကြောင့် နှစ်စဉ်ပြုလုပ်နေကျ ဖြစ်သည့် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို အောက်တိုဘာလ ၉ ရက် မှ ၂၀၂၃ ခုနှစ် မေလ ၃ ရက်ထိ (၇)လတိုင်တိုင်ကျင်းပခြင်း စတင်တော့မည် ဖြစ်သည်။

 

ယင်းကြောင့် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ် ဘဏ္ဍာတော်ထိန်း‌ ဂေါပကအဖွဲ့အနေဖြင့် ဘုရားလာရောက်ဖူးမြော်သူများအား အခမဲ့တည်းခိုနိုင်ရန် ပြည့်စုံဓမ္မာရုံနှင့် ဆီမီး(၉၀၀၀) ဓမ္မာရုံတို့ကို စီစဉ်ထားရှိကြောင်း၊ မိမိဆန္ဒအ‌ရ အခပေးတည်းခိုနိုင်ရန် ဟိုတယ်များ၊ တည်းခို‌ဆောင်များကိုလည်း စီစဉ်ထားရှိကြောင်း သိရသည်။

 

ကင်မွန်းစခန်း တောင်ခြေတွင် သန့်ရှင်းသည့် ထမင်းဆိုင်များနှင့် အမှတ်တရပစ္စည်းဆိုင်များ ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ပြီး ရင်ပြင်တော်တွင် ဘုရားဖူးများ အဆင်ပြေစွာ စားသောက်နိုင်ရန် ထမင်းဆိုင်များ အမှတ်တရပစ္စည်းဆိုင်များကို ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ၊ ကျန်းမာရေးနှင့် ညီညွတ်သည့်ဆိုင်များ ဖြစ်စေရန် ကြိုတင်ပြင်ဆင်နေချိန်လည်း ဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ၂၀၁၉-၂၀၂၀ ကာလတွင် ဗုဒ္ဓပူဇနိယပွဲတော် မကျင်းပနိုင်ခဲ့သော်လည်း ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ပြန်လည်ကျင်းပခဲ့ရာ လာရောက်ဖူးမြော်သူ (၄)သိန်းကျော်ခန့်ရှိကြောင်း ကျိုက်ထီးရိုးစေတီတော် ဂေါပက အဖွဲ့စာရင်းများအရ သိရသည်။

 

#ymg/mt
#Yangon_Media_Group