#Local_News
Published _5 October 2022

 

လဝက ဝန်ကြီးဟောင်းဦးခင်ရီအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ဥက္ကဋ္ဌ သစ်အဖြစ် ယနေ့အောက်တိုဘာလ ၅ ရက်တွင် ကျင်းပနေဆဲဖြစ်သော တတိယအကြိမ်ပါတီညီလာခံ(၂၀၂၂)မှ ရွေးချယ်ခဲ့ကြကြောင်း သိရသည်။

 

အောက်တိုဘာလ ၄ ရက်တွင် ရွေးချယ်တင်မြှောက်လိုက်သည့် စာရင်းများဟုဆိုကာ ပါတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူး ရွေးချယ်ထားသည့် အမည်စာရင်းများ ပေါက်ကြားထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

 

"ညီလာခံက မနေ့ကပဲ စတာပါ၊ မနက်ဖြန်မှ ပြီးပါမယ်။ ဒီနေ့ဒုတိယနေ့မှာ ပါတီဥက္ကဋ္ဌ အဖြစ်ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌကတော့ ဦးမြတ်ဟိန်း နဲ့ ဦးလှထွန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်တို့ ဖြစ်တယ်လို့ ကြေညာတယ်။ တခြား ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့နာမည်စာရင်းကိုလည်း ကြေညာခဲ့ပါတယ်၊ မနက်ဖြန် ညီလာခံ တတိယနေ့မှာ ပါတီအထွေထွေအတွင်းရေးမှူးနဲ့ ပါတီဗဟိုအတွင်းရေးမှူးတွေကို ဆက်ပြီးတော့ ရွေးဖို့လည်း ရှိပါတယ်"ဟု USDP ပါတီ သတင်းထုတ်ပြန်ရေးတာဝန်ရှိသူက ပြောသည်။

 

လက်ရှိကျင်းပနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတတိယအကြိမ်ပါတီညီလာခံ(၂၀၂၂)ကို အောက်တိုဘာလ ၄ရက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး သုံးရက်ကြာမြင့်သည့် ညီလာခံ ဖြစ်ကြောင်းလည်း သိရသည်။

 

#ymg/mt
#Yangon_Media_Group