#Local_News
Published _4 October 2022

 

ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် မီးသွေးဘုတ်ကျေးရွာရှိ မြန်မာ-မန္တလေး ဖူရှင်းသံမဏိစက်ရုံမှ ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းများကို စက်စွမ်းအားပြည့်လည်ပတ်ပါက တစ်ရက်လျှင် တန်တစ်ထောင်ထိ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က သိရသည်။

 

အဆိုပါ စက်ရုံမှ သံချောင်းအမျိုးအစားခြောက်မျိုး ထုတ်လုပ်လျက်ရှိပြီး လက်ရှိစမ်းသပ်ကာလအတွင်း တစ်ရက်လျှင် တန်ချိန် ၃၀၀ ထုတ်လုပ်ပေးနေခြင်း ဖြစ်သည်။

 

ဖူရှင်းသံမဏိစက်ရုံကို ၂၀၁၉ ခုနှစ် ဇွန်လ ၃၀ ရက်တွင် စတင်ခဲ့ပြီး စက်ရုံအကျယ်အဝန်း ၅၂ ဒသမ ၈၆ ဧက၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၄၀၈ သန်းရှိကြောင်း သိရသည်။

 

အောက်တိုဘာလ ၃ ရက်တွင် အဆိုပါ စက်ရုံသို့သွားရောက်ကြည့်ရှုခဲ့သည့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က ပြည်ပမှ မှာယူတင်သွင်းသည့် သံအမျိုးအစား လျှော့ချနိုင်ရေး ပြည်တွင်း၌ သံမဏိ ထုတ်လုပ်ရန်စက်ရုံလုပ်ငန်းရှင်များအား တိုက်တွန်းခဲ့သေးသည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်းတွင် သံမဏိစက်ရုံနှင့် သက်ဆိုင်သည့် သင်တန်းများအပါအဝင် အခြားအသက်မွေးဝမ်းကျောင်း သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းလည်း သိရသည်။

 

#ymg/mt
#Yangon_Media_Group