#Local_News
Published _3 October 2022

 

စင်ကာပူနှင့် ကိုရီးယားနိုင်ငံသို့ သံရည်ကျို ပုံလောင်းထုတ်ကုန်ပစ္စည်းများ တင်ပို့နေရကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က သိရသည်။

 

အဆိုပါ ပို့ကုန်များမှာ လျှပ်စစ်မီးတိုင် အောက်ခံခုံများ၊ သံကျွတ်မြောင်းဖုံး အမျိုးမျိုး၊ ပို့ကုန်ခဲသီးအစားထိုး သံကျွတ်ခဲသီးများဖြစ်ပြီး နေ့စဉ်လုပ်သားဦးရေ (၈၀) ဖြင့် တစ်ရက်လျှင် ကုန်ချောထုတ်ကုန် (၈) တန်ခန့် ထုတ်လုပ်တင်ပို့နေခြင်း ဖြစ်ကြောင်း အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

 

ယင်းကို ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ အနောက်ပိုင်းရပ်ကွက်၊ အမှတ် (၂၉) ရှိ ဦးအေးဝင်း၏ သံရည်ကျို ပုံလောင်းလုပ်ငန်းမှ တင်ပို့နေခြင်းဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် တိုင်းဒေသကြီး အတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များကို မြှင့်တင်ပေးရန် ၊ ကုန်ကြမ်းကို ဈေးနှုန်းသက်သာစွာဖြင့် လွယ်ကူစွာရရှိနိုင်ရေး ကူညီမည်ဖြစ်ကာ စင်္ကာပူနိုင်ငံနှင့် ကိုရီးယားနိုင်ငံများသို့ တစ်ဆင့်ခံဖြစ်နေသဖြင့် တိုက်ရိုက်ချိတ်ဆက် တင်ပို့နိုင်ရေး၊ လုပ်ငန်းတိုးချဲ့နိုင်ရန် မြေနေရာရရှိရေးနှင့် လုပ်ငန်းချိန်အတွင်း လျှပ်စစ်မီး အပြည့်အဝရရှိရေး တို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

 

အဆိုပါသံရည်ကျိုလုပ်ငန်းအနေဖြင့် ၂၀၁၃ ခုနှစ်က နိုင်ငံတော်အဆင့် အလတ်စားစီးပွားရေး လုပ်ငန်းရှင်ဆု၊ ၂၀၁၈ ခုနှစ်တွင် ဒေသဆိုင်ရာထုတ်ကုန် အမျိုးအစား ဒုတိယဆု ရရှိထားသော လုပ်ငန်းဖြစ်ကြောင်းလည်း သိရသည်။

 

#ymg/mt
#Yangon_Media_Group