#LocalNews
Published 2 Oct 2022

 

ရန်ကုန် တိုင်းဒေသကြီး ၊ သုံးခွမြို့နယ်၊ ကံမြင့်ကျေးရွာတွင် အောက်တိုဘာလ ၂ ရက် နံနက်ပိုင်းက ခေမာဗုဒ္ဓတက္ကသိုလ် (KHEMA BUDDHA UNIVERSITY) ကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ အခမ်းအနားတွင် နိုင်ငံ‌တော်သံဃနာယကအဖွဲ့ အကျိုး‌တော်ဆောင် သန်လျင် မင်းကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသက အဖွင့်သြဝါဒကထာ မြွက်ကြားပြီးနောက် ဆရာတော်ကြီးများက ခေမာဗုဒ္ဓတက္ကသိုလ်၏ အဓိပတိမဟာနာယကချုပ်၊ ဩဝါဒါစရိယ၊ ပါမောက္ခ ချုပ်၊ ဒုတိယပါမောက္ခချုပ်၊‌ မော်ကွန်းထိန်း၊ ကထိက ဆရာတော်များအဖြစ် ခန့်အပ်လွှာများကို ဆရာတော်များထံ ဆက်ကပ်ခဲ့ကြောင်း သိရသည်။

 

ယင်းနောက် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တကုမာရထံမှ ဧည့်ပရိသတ်များက ရှစ်ပါးသီလ ခံယူဆောက်တည်ကြပြီး အင်းတ‌ကော် ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ အရှင်ကစ္စာယနသာရက ခေမာဗုဒ္ဓတက္ကသိုလ် ဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်းမြွက်ကြားကာ ဆရာတော်များအား လှူဖွယ်ပစ္စည်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း၊ နိုင်ငံ‌တော် သံဃနာယကအဖွဲ့ တွဲဖက်အကျိုး‌တော်ဆောင် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘ ဒ္ဒန္တပညာဓဇက အနုမောဒနာတရား ဟောကြားခဲ့ကြောင်း သိရသည်။

 

ယခင်က မြန်မာနိုင်ငံတွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်၊မန္တလေး)၊အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်(စွယ်တော်ရှေ့)၊မဟာသံဃာ့နာယကဥက္ကဋ္ဌဗန်းမော်ဆရာတော်နှင့် ဘာသာဗေဒပညာရှင် ဆရာကြီး ဦးမြင့်ဆွေတို့တည်ထောင်ဖွင့်လှစ်သည့် ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်၊မန္တလေး)၊သီတဂူဆရာတော်တည်ထောင်ဖွင့်လှစ်သည့် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တို့သာ ရှိကြသော်လည်း လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် ပရိယတ္တိဆိုင်ရာဗုဒ္ဓတက္ကသိုလ်များ အလျှိုအလျှိုပေါ်ပေါက်လာခဲ့ကြရာ ၂၀၂၀ ပြည့်နှစ်၏ စာရင်းများအရ ဗုဒ္ဓတက္ကသိုလ်စာရင်းဝင်တက္ကသိုလ်ပေါင်း (၂၅) ခုထိရှိကြောင်းသိရသည်။

 

လက်ရှိတွင် မြန်မာနိုင်ငံ၌ ပရိယတ္တိဆိုင်ရာဗုဒ္ဓတက္ကသိုလ်များဥပဒေကို မပြဋ္ဌာန်းရသေးပေး။

 

ymg/mt
#Yangon_Media_Group