#LocalNews
Published_2 October2022

 

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် သံရွာအနီးရှိ တောင်တော်ကွင်း ဧက ၂၀၀ အနက် ဧက ၈၀ ပေါ်တွင် Green Power Energy Co.,Ltd က အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၄၃ သန်းခန့် ရင်းနှီးမြှုပ်နှံ၍ ၂၀၂၂ ခုနှစ် ဧပြီလမှစတင်ပြီး ဆောင်ရွက်ခဲ့သည့် တောင်တော်ကွင်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်း ၈၄ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

Green Power Energy Co.,Ltd အနေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း ၃၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သော သာစည်မြို့နယ် သပြေဝ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုစီမံကိန်းနှင့် ယခု ၂၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် တောင်တော်ကွင်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစီမံကိန်းတို့အပြင် နောက်ထပ် တိုးချဲ့ဆောင်ရွက်ရန်လည်း ရှိနေကြောင်း လျှစ်စစ်စွမ်းအားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်း စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် မန္တလေးစက်မှုဇုန်မှ လုပ်ငန်းရှင်များအနေဖြင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု နည်းလမ်းများကိုသိရှိပြီး အသုံးပြုနိုင်ရန် အဆိုပါနေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းများကို သွားရောက်လေ့လာမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။

 

ပြည်တွင်းဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ရေအားလျှပ်စစ်စီမံကိန်းများနှင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများကိုဆောင်ရွက်နေသည့်အပြင် နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းများနှင့် လျှပ်စစ်ဓာတ်အားဝယ်ယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းလည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ပြီးခဲ့သည့် သြဂုတ်လအတွင်းက ထုတ်ပြန်ခဲ့သေးသည်။

 

ymg/mt
#Yangon_Media_Group