Published 2 Oct 2022

ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်ပါက တပ်မတော်အနေဖြင့် လက်လှမ်းမမီသည့်ဒေသ၊လက်လှမ်းမမီသည့် ကုသမှု အမျိုးအစား မရှိသလောက် ဆောင်ရွက်နိုင်ပြီလို့ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

(၇၅)နှစ်မြောက် စိန်ရတုဆေးတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာ(၁)ရက်က ရန်ကုန်မြို့ရှိ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာမှာ  နစကဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

အဲသလို ဆောင်ရွက်နိုင်ခြင်းသည် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၏ ကြိုးပမ်းအားထုတ်မှု၊ လက်ဆင့် ကမ်း ပညာအမွေများ ပေးခဲ့ကြသည့် ဆေးပညာရှင်ကြီးများ၏ ကျေးဇူးများကြောင့်ဖြစ်လို့ ဂုဏ်ယူဝမ်းမြောက် ကျေးဇူးတင်ရှိပါကြောင်း၊ ဆေးဝန်ထမ်း တပ်ဖွဲ့အနေဖြင့် ထိုကဲ့သို့ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေးအတွက် လိုအပ်သည့် ဆရာဝန်၊ သူနာပြုများကို မွေးထုတ်နိုင်ရေးကိုလည်း လွတ်လပ်ရေး ရပြီးစကာလကပင်ကြိုးပမ်းခဲ့သည်ကိုတွေ့ရပါကြောင်း၊ အထင်ရှားဆုံးမှာ တပ်မတော် တစ်ရပ်လုံး၌ရှိသည့် ဆေးဝန်ထမ်း   တပ်ဖွဲ့ဝင် များ၏ လေ့ကျင့်သင်ကြားမှုများကို ဆောင်ရွက်နိုင်ရေးအတွက် ၁၉၅၂ ခုနှစ်တွင် ဆေးဘက်ဌာနချုပ်နှင့် လေ့ကျင့်ရေးတပ် ကို ဖွင့်လှစ်   ပေးနိုင်ခဲ့ပါကြောင်း၊ ထိုတပ်သည် နောင်အခါတွင် ဗဟိုဆေးတပ်အမည်ဖြင့် တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် များ၏ လေ့ကျင့်ရေးကို နှစ်ပေါင်းများစွာ ဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၅ ခုနှစ်၌ တပ်မတော် ဆေးဘက်ဆိုင်ရာပညာသင်ကျောင်းအနေဖြင့် ပြောင်းလဲ     ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်ကြောင်း ဗိုလ်ချူပ်မှူးကြီးက ဆက်လက်ပြောဆိုခဲ့တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တပ်မတော်၏ စစ်ဆင်ရေးများဖြစ်သည့် အင်းစိန်တိုက်ပွဲ၊ တရုတ်ဖြူ ကျူးကျော်မှု မှစ၍ စစ်ဆင်ရေးများအထိ တိုက်ပွဲပေါင်း၊ စစ်ဆင်ရေးပေါင်းများစွာ၌လည်း ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များသည် စွမ်းစွမ်းတမံကျေပွန်စွာ တာဝန်ထမ်းဆောင်ခဲ့ကြရာမှာ  ဗိုလ်ကြီး သူရမွန်ထော်သက်ညွန့် ကဲ့သို့ တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စား ဆောင်ရွက်ခဲ့ကြသည့် ထူးချွန်သူပေါင်းများ ကိုလည်း ဆေးတပ်ဖွဲ့သမိုင်းတစ်လျှောက်တွင် များစွာတွေ့မြင်ခဲ့ရတယ်လို့ ဗိုလ်ချူပ်မှူးကြီးက ပြောပါတယ်။

တပ်မတော်ဆေးရုံတွေကို အဆင့်မြှင့်တင်ခဲ့ရာတွင် ယခုအချိန်၌ ကျောက်ကပ် အစားထိုး ကုသနိုင်သော ဆေးရုံ ၄ ရုံ၊ အသည်းအစားထိုးကုသပေးနိုင်သော ဆေးရုံ ၁ ရုံ၊ နှလုံးသွေးကြော ရောဂါရှာဖွေခြင်းနှင့် သွေးကြောချဲ့ကုသနိုင်သော ဆေးရုံ ၄ ရုံ၊ နှလုံး ခွဲစိတ်ကုသနိုင်သော ဆေးရုံ ၂ ရုံနှင့် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသနိုင်သော ဆေးရုံ ၃ ရုံတို့ ရှိနေပြီလို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။မကြာသေးမီကလည်းမြန်မာ့တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့၏ သမိုင်း မှတ်တိုင်တစ်ခုအနေဖြင့် ပထမဆုံးအကြိမ် အသည်းအစားထိုးကုသမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်းလည်းသိရှိရပါတယ်။

တပ်မတော် ဆေးရုံ/ ဆေးတပ် ၆၇ ခုနှင့် ကိုဗစ်ကုသမှု စင်တာ ၅၄ ခုတို့ကို ဖွင့်လှစ် ပြီး ပြည်သူလူထုကိုပါ ကုသမှုများပေးနိုင်ခဲ့ရာ  ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့အထိ ကိုဗစ် အတည်ပြုလူနာ သံဃာတော် ၁,၅၀၅ ဦး၊ သီလရှင် ၁၀၈ ဦး၊ အရပ်သား ၁၆,၀၅၄ ဦး နှင့် နိုင်ငံခြားသား ၁၃၅ ဦး၊ စုစုပေါင်း ၁၇,၈၀၂ ဦးကို ပြုစုစောင့်ရှောက်မှုပေခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနများ၏ လိုအပ်ချက်အရ ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များကို လွှဲပြောင်းတာဝန်ပေးနိုင်ခဲ့တယ် လို့လည်း သိရှိရပါတယ်။

(၇၅)နှစ်မြောက် စိန်ရတုဆေး တပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် အမှတ်(၁)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၊ အဆင့်မြင့် (၈)ထပ် ဆေးရုံအဆောက်အဦသစ်၊ အထူးကုသမှုစင်တာကိုလည်း ယမန်နေ့က ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

Source SAC’s info

#SG_Min_Aung_Hlaing

#Myanmar

#Myanmar_Military