#Local_News
Published_ 2 October 2022

 

ရန်ကုန်တိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် ငွေကျပ်သိန်း ၆၅၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၃ သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂၈ ရက် ည ၉ နာရီခွဲအချိန် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၂) ရပ်ကွက်၊ ဦးရေခဲလမ်းပေါ်တွင် မောင်မောင်ရွှေ (ခ)မောင်ရွှေ မောင်းနှင်လာသော TOYOTA Hilux Surf မော်တော်ယာဉ်ကို သတင်းအရရှာဖွေခဲ့ကြပါတယ်။

 

ထိုသို့ရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၇၀၀၀၀ ပြား သိမ်းဆည်းရမိခဲ့ ပြီး ၎င်းငှားရမ်းအသုံးပြုသည့် မရမ်းကုန်းမြို့နယ်၊ (၁) ရပ်ကွက်၊ (၈) လမ်းနှင့် မရမ်းကုန်း မြို့နယ်၊ (၂) ရပ်ကွက်၊ အောင်မေတ္တာလမ်းရှိ တိုက်ခန်း ၂ ခန်းအတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၁ ဒသမ ၄ သိန်းနှင့် မြန်မာငွေကျပ် သိန်း ၂၀ ထပ်မံတွေ့ရှိသဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် သိန်း ၂၁၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၁ သိန်း သိမ်းဆည်းရမိခဲ့ပါတယ်။

 

အလားတူ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ အနန္တသုခလမ်းမပေါ်တွင် အောင်ကျော်ဇင်သက် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား သတင်းအရရှာဖွေခဲ့ပါတယ်။

 

ထိုသို့ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၈၅၀ ပြားနှင့် ပွိုင့် ၃၂ ပစ္စတိုသေနတ် ၁ လက် သိမ်းဆည်းရမိခဲ့ပြီး ၎င်းနေထိုင်သည့် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ အောင်ဒီပါလမ်းရှိ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၁၄၅ သိန်းနှင့် TOYOTA LANDCRUISER PRADO မော်တော်ယာဉ် ၁ စီး ထပ်မံတွေ့ရှိသဖြင့် စုစုပေါင်းတန်ဖိုးငွေ ကျပ်သိန်း ၄၄၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၂ သိန်းကျော် သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန် သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

ygm_mnn
#Yangon_Media_Group