#LocalNews
Published_2 October2022

 

နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲအတွင်း ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများ ရောင်းချသွားမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီက သိရသည်။

 

သယံဇာတနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီက ပြုလုပ်မည့် ၂၀၂၂ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောက်တိုဘာလ (၁၉) ရက်မှ (၂၅)ရက်အထိ နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ရတနာပြပွဲသို့ မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်အညီ ခွင့်ပြုမိန့်ရယူ၍ ကျောက်မျက်ရတနာများ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားကျောက်မျက်ရတနာလုပ်ငန်းရှင်များ၊ လိုင်စင်ရယူ၍ ကျောက်မျက်ရတနာရောင်းဝယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားကျောက်မျက်ရတနာလုပ်ငန်းရှင်များအား သတ်မှတ်ချက်များနှင့်အညီ တက်ရောက်ဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း ကော်မတီက ထုတ်ပြန်ထားသည်။

 

မြန်မာနိုင်ငံတွင် ကျောက်မျက်ရတနာများ ရောင်းချခြင်းကို ၁၉၆၄ ခုနှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး ပထမဆုံးအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို တော်လှန်ရေးကောင်စီ အစိုးရလက်ထက် ၁၉၆၄ ခုနှစ်တွင် ရန်ကုန်မြို့ အင်ယားလိတ်ဟိုတယ်၌ စတင်ကျင်းပခဲ့ခြင်း ဖြစ်သည်။

 

ပထမဆုံးအကြိမ်မှစ၍ ၁၉၉၃ ခုနှစ် ဖေဖော်ဝါရီလ အကြိမ် (၃၀) မြောက်ပြပွဲအထိ ပြပွဲပေါင်း ၃၁ ပွဲကို ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်၌ပင် ကျင်းပခဲ့ပြီးနောက် ၁၉၉၃ ခုနှစ် နှစ်လယ်ပြပွဲမှ ၂၀၀၆ ခုနှစ် မတ်လ (၄၃) ကြိမ်မြောက်ပြပွဲအထိ ပြပွဲပေါင်း ၃၅ ပွဲကို ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ မြန်မာ့ကျောက်မျက် ရတနာပြပွဲခန်းမ၌ ကျင်းပခဲ့ပြီး ၂၀၀၆ ခုနှစ် ဇွန်၊ ဇူလိုင် အထူးပြပွဲမှ ၂၀၁၀ ပြည့်နှစ် ဇွန်၊ ဇူလိုင်အထူးပြပွဲအထိ ပြပွဲပေါင်း ၁၃ ပွဲကို ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။

 

ယင်းနောက် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ နှစ်လယ်ပြပွဲမှစတင်၍ ၂၀၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများ ပြပွဲအထိ ပြပွဲ ၁၇ ပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ပြုလုပ်နိုင်ခဲ့ကြောင်း ၊ ယခု(၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်မှ ၂၈ ရက်အထိ နေပြည်တော်မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပခဲ့ရာ ပုလဲအတွဲများ၊ ကျောက်မျက်အတွဲများနှင့် ကျောက်စိမ်းအတွဲများကို ပြည်တွင်းပြည်ပရတနာကုန်သည်များသို့ အိတ်ဖွင့်တင်ဒါစနစ် အသုံးပြု၍ နိုင်ငံခြားငွေဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group