#Local_News
Published_30 September 2022

 

ပြည်သူများစီးနင်းလိုက်ပါလာသည့် အရပ်ဖက်လေယာဉ်တစ်စီး ယနေ့ စက်တင်ဘာလ ၃၀ ရက် နံနက်ပိုင်းက လွိုင်ကော်လေဆိပ်သို့ ဆင်းသက်စဉ် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း နစက ကထုတ်ပြန်လိုက်သည်။

 

ရန်ကုန်- နေပြည်တော် - လွိုင်ကော်- ရန်ကုန် ခရီးစဉ်အဖြစ်ပြေးဆွဲသည့် ခရီးစဉ်အမှတ် UB - 149 ၊ မြန်မာ အမျိုးသားလေကြောင်းလိုင်း(MNA) ၏ လေယာဉ်အမှတ် XY-AML၊ လေယာဉ်အမျိုးအစား ATR-72(600) သည် ခရီးသည် ၆၃ ဦးတင်ဆောင်၍ လွိုင်ကော်လေဆိပ်သို့ ၈ နာရီ ၄၅ မိနစ်ခန့်က ဆင်းသက်ရန်ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

လေယာဉ်ဆင်းသက်ခြင်း လုပ်ငန်းစဉ်များအတိုင်း ပြုလုပ်ပြီး အမြင့်ပေ ၃၅၀၀ ခန့်၊ လေယာဉ်ပြေးလမ်း၏ မြောက်ဘက် ၄ မိုင်ခန့်အကွာသို့ ရောက်ရှိစဉ် KNPP နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်(စိစစ်ဆဲ)ဖြင့် ပစ်ခတ်ခဲ့ရာလေယာဉ်၏ ဘယ်ဘက်ဝမ်းဗိုက်ကို ထိမှန်ခဲ့ပြီး လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည် တစ်ဦး၏ ညာဘက်ပါးတွင် ကျည်ထိမှန်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဒဏ်ရာရရှိခဲ့သည့် ခရီးသည်ကို လွိုင်ကော်ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူစေလျက်ရှိပြီး ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နေရာတစ်ဝိုက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#ymg/mt
#Yangon_Media_Group