Published 29 Sept 2022

မကြာမီကာလအတွင်း နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ  အသုံးချနိုင် ရေးအတွက် လျှပ်စစ်ဓာတ်အား၊ စိုက်ပျိုးရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များတွင် အသုံးချနိုင်ရေးကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဗိုလ်ချူပ်မှူးကြီး မင်းအောင်   လှိုင်က ပြောကြားပါတယ်။

မန္တလေးစက်မှုဇုန်က အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်တွေနှင့် ယနေ့ စက်တင်ဘာ ၂၉ ရက်ကတွေ့ဆုံရာမှာ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ယခုလို ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

“ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ သွားရောက်ခဲ့စဉ်တွင် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနှင့် နျူကလီးယားစွမ်းအင်  သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများကို ဆွေးနွေးခဲ့ပါတယ်။ မိမိတို့နိုင်ငံ တွင် ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်သည့် ရေအရင်း အမြစ်များစွာ ရှိပါတယ်။၊ ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လုပ်ငန်းသည် အရင်းအနှီးကြီးမားသော်လည်း ရေရှည်   အတွက် ကောင်းမွန်သည့်လုပ်ငန်း တစ်ရပ်ဖြစ်ပါတယ်။ နျူကလီးယား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းသည်လည်း များစွာအကျိုး ဖြစ်ထွန်းစေပြီး မကြာမီကာလအတွင်း နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ  အသုံးချနိုင် ရေးအတွက် လျှပ်စစ် ဓာတ်အား၊ စိုက်ပျိုးရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များတွင် အသုံးချနိုင်ရေးကြိုးပမ်းဆောင်ရွက်နေပါတယ်” လို့  ဗိုလ်ချူပ်မှူးကြီးကပြောခဲ့တာဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေး ကို အမျိုးသားရေးရည်မှန်းချက်အဖြစ် ဆောင်ရွက်ရမည်ဖြစ်ပြီး လုပ်ကိုင်ဆောင်ရွက် နေသူများအားလုံး အေးချမ်းလုံခြုံစွာဖြင့် လုပ်ကိုင်နေထိုင် ဆောင်ရွက်နေခြင်းသည် တိုင်းပြည် သာယာ ဝပြောခြင်းဖြစ်ကြောင်း၊ စားရေ ရိက္ခာပေါများရေးနှင့်ပတ်သက်၍ သောက်သုံးရေလုံလောက်စွာရရှိရေးနှင့် စားသောက်ဖွယ်ရာ များသာမက တစ်ကိုယ်ရေ သုံး ပစ္စည်းများသည်လည်း ရိက္ခာတွင်ပါဝင်ကြောင်းလည်း နစက ဥက္ကဋ္ဌက ရှင်းလင်းပြောကြားခဲ့ပါ တယ်။

မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ၊မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ ၊မြန်မာနိုင်ငံဝါလုပ်ငန်းရှင်များအသင်း၊အသေးစား၊ကျောက်ဆစ်လုပ်ငန်းအသင်း၊ရှင်သန်ဆဲဒြပ်မဲ့မျက်ပါးရွှေဆိုင်းအသင်းနှင့် တက်ရောက်လာကြသည့် လုပ်ငန်းရှင်တွေက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ ထုတ်ကုန်များ ဈေးကွက် ရရှိရေး၊ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှု အရင်းအနှီးများ ရရှိရေးတို့အတွက် လိုအပ်မှု အခြေအနေများ၊ အနာဂတ်ကာလများတွင် စက်မှုဇုန် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေး အတွက် လိုအပ်ချက်များ၊ ဝါမျိုးကောင်းမျိုးသန့်များရရှိရေးနှင့် ဈေးကွက်ရရှိရေး၊ ဝါစိုက်တောင်သူများ အရင်းအနှီးရရှိရေးအတွက် သက်သာသောအတိုးနှုန်းထားဖြင့် ရင်းနှီးမတည်ငွေများ နိုင်ငံတော်မှ ဆောင်ရွက်ပေးစေလိုမှု၊ သက်တမ်းပြည့်ချေးငွေများ သက်တမ်းတိုးမြှင့်ပေးစေလိုမှု၊ ကျောက်ဆစ်လုပ်ငန်းအတွက် မြေနေရာနှင့် စက်ပစ္စည်း လိုအပ်မှု၊ ရိုးရာလက်မှု လုပ်ငန်းတစ်ခုဖြစ်သည့် မျက်ပါးရွှေဆိုင်းလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးနှင့် တင်ဒါစနစ်အစား လက်ခစနစ်ဖြင့် ဆောင်ရွက် ပေးစေလိုမှု၊ ရက္ကန်း လုပ်ငန်းများ အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှုနှင့် နိုင်ငံတော် မှရင်းနှီးမတည်ငွေ များထုတ်ချေး  ပေးစေလိုမှု၊  စက်မှုဇုန်အတွင်း ရှေ့ပြေးနည်းပညာများ လေ့လာ၍ရသည့် စာကြည့်တိုက်နှင့် သုတေသနစင်တာ တစ်ခုတည်ထောင်   ပေးစေလိုမှု၊ စက်မှုလုပ်ငန်း များဆောင်ရွက်ရန် လျှပ်စစ်ဓာတ်အားများ လုံလောက်စွာရရှိ အောင်ဆောင်ရွက် ပေးစေလိုမှု၊ နိုင်ငံတော်၏ပံ့ပိုးမှု၊ စက်မှုလုပ်ငန်းရှင်များ၏ ဝိုင်းဝန်း ပါဝင်ဆောင်ရွက် မှုများဖြင့် စက်မှုဇုန်များတွင်   နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားများ ထုတ်လုပ်နိုင်ရန်လိုအပ်မှု၊ ကုန်ချောပစ္စည်းများ ပြည်ပမှတိုက်ရိုက် တင်သွင်းမှုများ ကြောင့် ပြည်တွင်းကုန်ချောထုတ်လုပ်သူများအနေဖြင့် အခက်အခဲများ ဖြစ်ပေါ်နေမှု၊ ပြည်ပမှ ကုန်ချောတင်သွင်းမှုအပေါ်တွင် ထိုက်သင့်သည့် အခွန်ငွေများ ကောက်ခံ ရန်နှင့် ကုန်ကြမ်းပစ္စည်းများတင်သွင်းမှုအပေါ် အခွန်ငွေများလျှော့ခ ကောက်ခံမည် ဆိုပါက ပြည်တွင်းကုန်ချောထုတ်လုပ်မှုအပေါ် အထောက်အကူပြုနိုင်မှု၊ ထုတ်ကုန်များ အတွက် Exhibition များပြုလုပ်ပေးခြင်းဖြင့် ဈေးကွက်သစ်များကို ဖန်တီးပေးနိုင်ပြီး ထုတ်လုပ်သူများအဆင်ပြေစေမည့် အခွန်စနစ်ဆောင်ရွက်ပေးရန်  လိုအပ်မှု၊ MRCCI အသင်းနှင့်ညီနောင်အသင်းများအတွက် ရုံးခန်းများ တစ်စုတစည်းတည်းဖွင့်လှစ် နိုင်ရေးအဆောက်အဦ   မြေနေရာအတွက် နိုင်ငံတော်မှသတ်မှတ်သောနှုန်းဖြင့် မြေနေရာ စီစဉ်ပေးနိုင်ရေး အခြေအနေတွေကို အသီးသီးတင်ပြခဲ့ကြတယ်လို့ သတင်းထုတ်ပြချက်မှာ ဖော်ပြထားပါတယ်။

ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဒေါက်တာ ချာလီသန်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုတို့ကလည်း လုပ်ငန်းရှင်များ၏ဆွေးနွေးချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်နိုင်မည့်ကိစ္စတွေကို ပြန်လည်ဆွေးနွေးခဲ့ကြတယ်လို့လည်းသိရှိရပါတယ်။

အဆင့်မီဝါများထွက်ရှိရေး အတွက် အရည်အသွေးပြည့်မီသည့် ဝါမျိုးကောင်းမျိုးသန့်များရရှိအောင် နိုင်ငံတော်မှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ဝါစိုက်ပျိုးမှုများစွာရှိသည့် အတွက် မန္တလေးတိုင်းဒေသကြီးအတွင်း ဝါကိုအခြေခံသည့် စက်မှုလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ကြစေလိုပြီး နိုင်ငံတော်မှလည်း လိုအပ်သည့် ပံ့ပိုးကူညီ မှုများ ဆောင်ရွက်ပေးသွားမယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စက်မှုကုန်ကြမ်းများအတွက် လိုအပ်သည့် သတ္တုကုန်ကြမ်းများနှင့် သစ်ကုန်ကြမ်းများရရှိရေး ဆောင်ရွက်ပေးမည်  ဖြစ်ကြောင်း၊ထုတ်ကုန်ပြပွဲများကျင်းပနိုင်ရေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းကုန် ထုတ်လုပ်မှုကို အားပေးခြင်း သည် ပြည်တွင်းစီးပွားရေးကိုအားပေးခြင်းဖြစ်ပြီး ပြည်တွင်းမှထွက်ရှိသည့် ကုန်ကြမ်းများကို အဆင့်မြင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံရှိ ကုန်ထုတ်လုပ်မှုများ တွင် ပြည်ပမှဝင်ရောက်ဆောင်ရွက်ခြင်းထက် မိမိတို့ကိုယ်တိုင် ဦးစီးဆောင်ရွက်မှုများကို အားပေးရမည်ဖြစ်ကြောင်း၊ မိမိတို့အကျိုးစီးပွားကို မိမိတို့ကိုယ်တိုင်ဖော်ဆောင် ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှစိုက်ပျိုးရေးချေးငွေများကို ယခင်ကတည်းထုတ်ချေးပေးခဲ့ကြောင်း၊ နိုင်ငံတော်သို့ ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိသေးသည်များလည်းရှိကြောင်း၊ နိုင်ငံတော်မှ ထုတ်ချေးပေးထားသည့် ကိုဗစ်-၁၉ ချေးငွေများနှင့်ပတ်သက်၍ ပြန်လည်ပေးဆပ် ရန်ကာလကို သက်တမ်းတိုးပေးသွားမည်ဖြစ်ကြောင်း၊ ဒေသအတွင်း ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်နိုင်ခြင်းကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ များပြားလာမည်ဖြစ်ပြီး ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်ရမှုများ နည်းပါးလာ မည်ဖြစ် ကြောင်း ဗိုလ်ချူပ်မှူးကြီးက ပြောကြားခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထို့အပြင် နစကဥက္ကဋ္ဌနှင့်အဖွဲ့ဟာ မန္လေးတိုင်းဒေသကြီး စက်မှုဇုန်(၁)အတွင်းက ပုဂ္ဂလိက ကုန်ထုတ်လုပ်ငန်းတွေကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ အဲဒီလုပ်ငန်းတွေက ဘုရင်ဘီစကစ်စက်ရုံ၊ အောင်နိုင်သူ တွင်နှင့်သံရည်ကျို လယ်ယာသုံးရေပန့် သံမဏိသွန်းထည်လုပ်ငန်း၊မောရိယ တိုင်းရင်းဆေးထုတ်လုပ်ရေးလုပ်ငန်းတွေဖြစ်ကြပြီး လုပ်ငန်းတွေရဲ့ လုပ်ငန်းရှင်တွေနှင့်  စီမံခန့်ခွဲသူတွေက ထုတ်လုပ်နေမှုအခြေအနေတွေကို တင်ပြခဲ့ကြရာ ဗိုလ်ချူပ်မှူးကြီးက အကြံပြုဆွေးနွေးခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Source SAC’s press release

#SG_Min_Aung_Hlaing

#Myanmar_MSME

#Myanmar