Published 28 September 2022

ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာရှောင်တာနယ်တို့အပါ ငါးဦးကို အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃ (၁) (ဂ)ဖြင့် ယနေ့ စက်တင်ဘာလ ၂၉ ရက်တွင် တစ်ဦးစီထောင် ၃ နှစ် ချမှတ် လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

အဆိုပါ အမှုမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီးဟောင်းများ ဖြစ်သည့် စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း နှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင် တို့ ၄ ဦးအား ပုဒ်မ ၃ (၁) (ဂ)/၉ (အားပေးကူညီမှု) ဖြင့် စွဲချက်တင်ထားခဲ့ကြောင်း၊ သြစတြေးလျနိုင်ငံသား မစ္စတာရှောင်တာနယ်ကို အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃ (၁) (ဂ)ဖြင့် စွဲချက်တင်ထားခဲ့သော အမှုများ ဖြစ်ကြောင်း သိရသည်။

"နေပြည်တော်အချုပ်ထောင်အထူးတရားရုံးက နေ ဒီနေ့ တစ်ယောက်စီ ထောင် ၃ နှစ် ချလိုက်တယ်"ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးကပြောသည်။

မစ္စတာရှောင်တာနယ်အနေဖြင်လ.ဝ.က အက်ဥပဒေဖြင့်လည်း ထပ်မံ စွဲဆိုခံထားရခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် စွဲဆိုထားခြင်းခံရသည့် အမှုများထဲမှ စစ်ဆေးပြီးစီးသွားသည့် အမှုများအတွက် စုစုပေါင်းထောင်ဒဏ် ၂၃ နှစ် ချမှတ်ခံပြီး ဖြစ်ကြောင်း သိရသည်။

ymg/mt
Yangon_Media_Group