#Local_News
Published_ 29 September 2022

ဝေးလံခေါင်ဖျားသည့် ဒေသများရှိ ကျောင်းသား၊ ကျောင်းသူများနှင့်အကြောင်းအမျိုးမျိုးကြောင့် အချိန်မီ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာ မတင်သွင်းရသူတွေအတွက် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာလက်ခံခြင်းကို အောက်တိုဘာလ(၃၁)ရက်အထိ ရက်တိုးမြှင့်လက်ခံသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်လိုက်သည်၊၊

 

တက္ကသိုလ်ဝင် စာမေးပွဲကျရှုံးသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်ဖြေဆိုခြင်း မရှိသော ကျောင်းသား၊ ကျောင်းသူများအတွက် စနစ်ဟောင်း၊ သင်ရိုးဟောင်း တက္ကသိုလ်ဝင်စာမေးပွဲကို နောက်ဆုံးအကြိမ်အဖြစ်၂၀၂၃ ခုနှစ်အတွင်း ကျင်းပသွားမည်ဖြစ်သည်၊၊

 

အဆိုပါ စနစ်ဟောင်းဖြင့် နောက်ဆုံးအကြိမ်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကို စက်တင် ဘာလ(၁)ရက်မှ(၃၀)ရက်အတွင်း လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ခဲ့ပြီး ယခုအခါ အောက်တိုဘာလ (၃၁)ရက်အထိရက် တိုးမြှင့်သတ်မှတ်လိုက်ခြင်း ဖြစ်သည်၊၊

 

လျှောက်လွှာပုံစံများနှင့် တံဆိပ်ခေါင်းများကို ရန်ကုန်နှင့်နေပြည်တော်ရှိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနများတွင် ဝယ်ယူနိုင်ကြောင်း သိရသည်၊၊

 

နေပြည်တော်တွင် နေပြည်တော်ရုံးအမှတ်(၅၂)၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရုံးချုပ်)တွင်ဝယ်ယူနိုင်ပြီး ရန်ကုန်တွင်လှိင်မြို့နယ်၊ လှိုင်တက္ကသိုလ်နယ်မြေ၊ ပါရမီ(၁၂)ရပ်ကွက် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင် ဝယ်ယူနိုင်မည်ဖြစ်သည်၊၊

 

စာမေးပွဲဖြေဆိုခွင့်လျှောက်ထားရာမှာ တစ်ဦးလျှင် ပညာရေးဝန်ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်း ကျပ်(၇၀၀)နှင့်လျှောက်လွှာတစ်စုံကျပ်(၂၀၀) စုစုပေါင်းကျပ်(၉၀၀)ကျသင့်မည်ဖြစ်ကြောင်း ဖော်ပြထားသည်၊၊

 

အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်း ကျောင်းများမှတစ်ဆင့် ဖြေဆိုသည့်ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းအုပ်ကြီးများမှတစ်ဆင့် ငွေတံဆိပ်ခေါင်းကြေးသွင်းထားပြီးသည့်လျှောက်လွှာများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ သတ်မှတ်ရက်မတိုင်မီ တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်၊၊

 

အပြင်ဖြေ ဖြေဆိုမည့်သူများအနေဖြင့် သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးရုံးတွင် ငွေသွင်းတံဆိပ်ခေါင်း ဝယ်ယူပြီး မြို့နယ်ပညာရေးမှူးရုံးတွင် သတ်မှတ်ရက် မတိုင်မီ တင်သွင်းကြရမည်ဖြစ်ကြောင်း ယခင်ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်၊၊

 

#ymg/tthl
#Yangon_Media_Group