Published 29 Sept 2022

အလှမယ်ဟန်လေးလို့သိကြတဲ့ သော်နန္ဒအောင်ဟာ ကနေဒါနိုင်ငံကို နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့တာ ရရှိသွားတဲ့အတွက် ဗုဒ္ဓဟူးနေ့မနက်က ဘန်ကောက်လေဆိပ်ကနေ ကနေဒါနိုင်ငံ တိုရွန်တိုလေဆိပ်ကို ရောက်ရှိသွားပြီလို့ နိုင်ငံတကာ သတင်းအေဂျင်စီတွေက သတင်းဖော်ပြကြပါတယ်။

ဟန်လေးဟာ ထိုင်းနိုင်ငံမှာ မနှစ်က နေထိုင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့အပတ်က ပြည်ပခရီး ဗီယက်နမ်ကနေ ထိုင်းနိုင်ငံပြန်အဝင်မှာ ပြည်ဝင်ခွင့်ငြင်းပယ်ခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီနောက်သူမဟာ လေဆိပ်ထဲမှာပဲ တစ်ပတ်ခန့် နေထိုင်ခဲ့ရင်း အခြေအနေကိုစောင့်ဆိုင်းခဲ့တာဖြစ်ကြောင်း သတင်းတွေကဆိုပါတယ်။

“ ကျွန်မလေယာဉ်ဆိုက်ပြီဆိုတော့ လုံခြုံစိတ်ချရပါပြီ။စိတ်ပူတာတွေ ပျောက်သွားပြီ” လို့ ဟန်လေးက တိုရွန်တို နိုင်ငံတကာလေဆိပ်ကေန  ရိုက်တာ သတင်းဌာနကို ဖုန်းနှင့်ပြောတဲ့အကြောင်း သတင်းမှာဖော်ပြထားပါတယ်။

သူမဟာ ကနေဒါနိုင်ငံအရှေ့ပိုင်း Charlottetown ကို လေယာဉ်ပြောင်းစီးရမှာဖြစ်ပါတယ်။ အဲဒီအရှေ့ပိုင်းက အတ္တလန်တစ်ကျွန်းတစ်ကျွန်းဖြစ်တဲ့ Prince Edward ကျွန်းမှာ နေထိုင်ရမှာဖြစ်တယ်လို့ သိရပါတယ်။  ဒါပေမယ့် အဲဒီမှာ ဘယ်လောက်ကြာကြာနေမယ်။ ကနေဒါမှာ သူမဟာ ဘယ်အဆင့်အတန်းနှင့်နေခွင့်ရတယ်ဆိုတာကိုတော့ သူမကမပြောဘူးလို့ သတင်းကဆိုပါတယ်။ ဟန်လေးဟာ တိုရွန်တိုကို ကိုရီးယားလေကြောင်းလိုင်းနှင့် ဆိုးလ်ကနေ တစ်ဆင့်ပျံသန်းရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

သူမဟာ အဲဒီမှာပဲ အခြေချနေထိုင်မယ်လို့ အေအက်ဖ်ပီက သတင်းရေးသားပါတယ်။

ကနေဒါလူဝင်မှုကြီးကြပ်ရေးဝန်ကြီးရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ကလည်း ဟန်လေးရဲ့ခွင့်ပြုချက်မရှိဘဲ ဟန်လေးရဲ့ကိစ္စကို ထုတ်ပြောခွင့်မရှိဘူးလို့ ရိုက်တာရဲ့အမေးကိုငြင်းပယ်ခဲ့ပါတယ်။

Source AFP/AP

#Han_Lay

#Myanmar

#Canada_Prince_Edward_Island