Published 28 Sept 2022

အသေးစား၊အငယ်စားနှင့် အလတ်စား စက်မှုလုပ်ငန်း (MSME)တွေဟာ နိုင်ငံအတွက်အရေးကြီးတဲ့လုပ်ငန်းတွေဖြစ်လို့ လိုအပ်တဲ့ငွေကြေးတွေကို နိုင်ငံတော်မှ ထုတ်ချေးပေးမယ်လို့ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က စက်မှုလုပ်ငန်းရှင်တွေကို ပြောကြားပါတယ်။

နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အဖွဲ့ဝင်တွေလိုက်ပါလျက် ယနေ့ စက်တင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းက  မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာ စက်မှုဇုန်ရှိ စက်မှုဇုန်ခန်းမ တွင် မိတ္ထီလာခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် သွားရောက်တွေ့ဆုံရာမှာ နစက ဥက္ကဋ္ဌက ယခုလို ပြောကြား လိုက်တာဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

“နိုင်ငံတော်အနေဖြင့် လိုအပ်ချက်များအရသာ အချို့သော စီးပွားရေးလုပ်ငန်းတွေကို ပါဝင်ဆောင်ရွက်နေရခြင်းဖြစ် ကြောင်း၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်မှ ချေးငွေများကို သက်သာသော အတိုးနှုန်းများ ဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှု လုပ်ငန်း (MSME) များသည် နိုင်ငံအတွက် အရေးကြီးသည့် လုပ်ငန်းများဖြစ်သဖြင့် လိုအပ်သည့်ငွေကြေးများကို နိုင်ငံတော်မှ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ကို ဗိုလ်ချူပ်မှူးကြီးက ပြောကြားခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

မိတ္ထီလာစက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် လုပ်ငန်းရှင်များက စက်မှုဇုန်တွင် အရင်းအမြစ်ကောင်းများပြည့်စုံမှုနှင့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် နေမှု၊ စက်မှုဇုန်နည်းဥပဒေအတည်ပြုပေးရန်လိုအပ်မှု၊ လျှပ်စစ်ဓာတ်အား လိုအပ်မှု၊ ဝါသီးနှံကိုအခြေခံသည့် စက်မှုလုပ်ငန်းများဆောင်ရွက်နေမှု၊ ဝါစိုက်ပျိုး တောင်သူများ ဈေးကွက်ရရှိရေး ဆောင်ရွက်လျက်ရှိမှု၊ ဝါမျိုးကောင်းမျိုးသန့်များရရှိရေးအတွက် နိုင်ငံ တော်မှ ဆောင်ရွက်ပေးရန်၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး ဆောင်ရွက်လျက်ရှိမှု၊ ဆီကောင်းဆီသန့်များရရှိအောင် ဆောင်ရွက်ရန်လိုအပ်မှု၊ နိုင်ငံတော်မှ သက်သာသော ဈေးနှုန်းဖြင့် ဖြန့်ခွဲရောင်းချပေးသည့် စားသုံးဆီများကို ပြည်သူများထံ သက်သာ သောဈေးနှုန်းများ ဖြင့်ပြန်လည် ရောင်းချပေးလျက်ရှိမှု၊ ရက္ကန်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ဆန်စက်လုပ်ငန်းတွင် အသုံးပြုသည့်ပစ္စည်းများ ဈေးနှုန်းများ မြင့်တက်မှု များ ကြောင့် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိမှု အခြေအနေများနှင့် စက်မှုဇုန်အတွင်း လိုအပ်ချက်များကို အသီးသီး တင်ပြခဲ့ကြပါတယ်။

အဲဒီဆွေးနွေးတင်ပြချက်တွေအပေါ် ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးတင်ထွဋ်ဦး၊ဦးလှမိုး၊ဒေါက်တာချာလီသန်းနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမောင်ကိုတို့က ပြန်လည်ရှင်းလင်းပြောကြားပေးခဲ့ကြပါတယ်၊

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ စိုက်ပျိုးရေးလုပ်ငန်းများအတွက် မတည်ငွေများလွှဲအပ်ပေးခဲ့ပြီဖြစ်၍ ကျန်ရှိသည့် ရန်ပုံငွေများမှလည်း အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများ အတွက် မတည်ငွေများလွှဲအပ်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းနှင့်  ဝါစိုက်ပျိုးတောင်သူ များအတွက်လည်း မတည်ငွေများ ထုတ်ပေးသွားရန် စီမံလျက်ရှိကြောင်းလည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

“ဒေသတွင်းစက်မှုလုပ်ငန်းများ ဆောင်ရွက် ရာတွင် ဆန်၊စပါး လုပ်ငန်း၊ ဆီထွက်သီးနှံကိုအခြေခံသည့် စက်မှုလုပ်ငန်း၊ ပဲ ကို အခြေခံသည့် စက်မှုလုပ်ငန်းများကိုဆောင်ရွက်၍ရပြီး မိတ္ထီလာစက်မှုဇုန်အတွက်လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားများ ရရှိစေရေး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်စေလိုကြောငးနှင့် နိုင်ငံတော်မှလည်း လျှပ်စစ်ဓာတ်အားများလုံလောက်စွာ ရရှိရေး ဆောင်ရွက်လျက်ရှိတယ်လို့ ဗိုလ်ချူပ်မှူးကြီးက ပြောတဲ့အကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

နစကဥက္ကဋ္ဌနှင့်အဖွဲ့ဟာ မိတ္ထီလာမြို့ရှိ တပ်မတော် ချည်မျှင်နှင့်အထည်စက်ရုံ(မိတ္ထီလာ)သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း လည်း သတင်းရရှိပါတယ်။

Source SAC’s Info

#SAC

#SG_Min_Aung_Hlaing

#Myanmar_Politics