#Local_News
Published_ 28 September 2022

 

နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေး ပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)တို့နှင့် တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် နေပြည်တော်၌ ကျင်းပခဲ့ပါတယ်။

 

ဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်နှင့် အဖွဲ့ဝင်များ၊ UWSP ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု၊ နိုင်ငံရေးဌာနကြီးမှူး ဦးအိုက်နပ်လိုင်း၊ NDAA ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့၊ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်၊ SSPP ဒုတိယဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင်၊ အတွင်းရေးမှူး(၂) စဝ်စိုင်းဆု တို့ တက်ရောက်ခဲ့ကြပါတယ်။

 

ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုယ်စား UWSP ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကုတိုက နှုတ်ခွန်းဆက် အမှာစကား ပြောကြားကြပါတယ်။

 

ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ဇယား ၁ ပြည်ထောင်စု ဥပဒေပြုစာရင်းနှင့် ဇယား ၂ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်းတို့နှင့် ပတ်သက်၍ ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က ရှင်းလင်းတင်ပြပါတယ်။

 

ယင်းနောက် ပထမအကြိမ် တွေ့ဆုံဆွေးနွေးချိန်တွင် သဘောတူညီချက်ပါအတိုင်း UWSPနှင့် NDAA တို့၏ နိုင်ငံရေးလိုလားချက်များနှင့် ပတ်သက်၍ လုပ်ဆောင်နိုင်သည့် နည်းလမ်းများအား နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့မှ ရှင်းလင်းဆွေးနွေးပါတယ်။

 

ထို့နောက် တက်ရောက်လာကြသူများက သဘောထားများ၊ လိုလားချက်များကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ဒုတိယနေ့ဆွေးနွေးပွဲကို စက်တင်ဘာ ၂၈ ရက်တွင် ဆက်လက်ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။

 

#ygm_mnn
#Yangon_Media_Group