Published_ 27 September 2022
ဂျပန်ဝန်ကြီးချုပ်ဟောင်း မစ္စတာရှင်ဇိုအာဘေး၏ နိုင်ငံတော်ဈာပန အခမ်းအနား ကို စက်တင်ဘာ (၂၇) ရက် နေ့လည် (၂) နာရီက တိုကျိုမြို့ရှိ Nippon Budokan ခန်းမ ကြီး၌ ပြုလုပ်ခဲ့ရာ မြန်မာအစိုးရကိုယ်စား ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန် နှင့်ဇနီး ပါဝင်တက်ရောက်ခဲ့ပါတယ်။
အဆိုပါအခမ်းအနားသို့ ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ဖူမီယို ကီရှီဒါ ဦးဆောင်သော အစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ အောက်လွှတ်တော်နှင့် အထက်လွှတ်တော် ဥက္ကဋ္ဌများ၊ တရားရုံးချုပ် တရားသူကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ လွှတ်တော် အမတ်များ၊ ပြည်ပနိုင်ငံပေါင်း (၂၀၀) ကျော်မှ အစိုးရအဖွဲ့အကြီးအကဲများ၊ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ဥက္ကဌများ၊ တိုကျိုမြို့ အခြေစိုက်သံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၄၃၀၀) ခန့် တက်ရောက်ခဲ့ကြပါတယ်။
ဝန်ကြီးချုပ်ဟောင်း မစ္စတာရှင်ဇိုအာဘေးနှင့်ပတ်သက်၍ ချီးကျူးဂုဏ်ပြုစကား များကို နိုင်ငံတော်ဈာပနအခမ်းအနား ကျင်းပရေးကော်မတီ ၊ ဥက္ကဋ္ဌ ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ဖူမီယို ကီရှီဒါ၊ အောက်လွှတ်တော် ဥက္ကဋ္ဌ မစ္စတာ ဟီရိုယူကီ ဟိုဆိုဒါ၊ အထက် လွှတ်တော် ဥက္ကဋ္ဌ မစ္စတာ ဟီဒေဟီဆာ အော့ဆုဂျိ၊ တရားရုံးချုပ် တရားသူကြီးချုပ် မစ္စတာ ဆာဘူရို တိုဂူရာ နှင့် ဝန်ကြီးချုပ် ဟောင်း ရှင်ဇိုအာဘေး၏ မိတ်ဆွေများကိုယ်စား ဝန်ကြီးချုပ် ဟောင်း ယိုရှီဟီဒေး ဆူဂမှ အသီးသီး ပြောကြား ခဲ့ကြပါတယ်။
ထို့နောက် ဂျပန်ဧကရာဇ် နာရူဟီတိုနှင့်မိဘုရားတို့၏ ကိုယ်စားလှယ်များ၊ ဂျပန်ဧကရာဇ်ဟောင်း အာကီဟီတိုနှင့် မိဘုရားတို့၏ ကိုယ်စားလှယ်များမှ ဂါရဝပြုခဲ့ ကြပြီးနောက် တော်ဝင်မိသားစုအဖွဲ့ဝင်များ၊ ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း၏ မိသားစုဝင်များမှ ပန်းစည်းချ ဂါရဝပြုခဲ့ကြပါတယ်။
ဆက်လက်၍ နိုင်ငံတော်ဈာပနအခမ်းအနား ကျင်းပရေးကော်မတီ ၊ ဥက္ကဋ္ဌ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဖူမီယို ကီရှီဒါ၊ အောက်လွှတ်တော် ဥက္ကဋ္ဌ၊ အထက် လွှတ်တော် ဥက္ကဋ္ဌ၊ တရားရုံးချုပ်တရားသူကြီးချုပ်၊ ဝန်ကြီးချုပ်ဟောင်း၏ မိတ်ဆွေများ၊ ပြည်ပနိုင်ငံများမှ တက်ရောက်လာကြသော အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ဥက္ကဌများ၊ တိုကျိုမြို့အခြေစိုက် သံရုံးများမှ သံအမတ်ကြီးများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်း များမှ ကိုယ်စားလှယ်များမှ ပန်းစည်းချ ဂါရဝပြုခဲ့ကြကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group