#Local_News
Published_27 September 2022

 

တောင်သူလယ်သမားတွေကို JICA Two Step Loan ချေးငွေစီမံကိန်းကနေ ငွေကျပ် ၂၃၀ ဘီလီယံကျော် ထုတ်ချေးထားကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အသိပေးကြေညာထားသည်။

 

လက်ရှိတွင် JICA Two Step Loan ချေးငွေစီမံကိန်းချထားမှုအခြေအနေမှာ စီမံကိန်းစတင်ခဲ့သည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်ကနေ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၀ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခုရှိ၊ မြို့နယ်ပေါင်း ၁၈၇ မြို့နယ်၊ တောင်သူပေါင်း ၅၅၉၃၂ ဦး၊ စက်အစီးရေ ၅၅၉၂ စီးနှင့် ချေးငွေပမာဏ ငွေကျပ် ၂၃၀ ဘီလီယံကျော်ကို ဘီလီယံကျော်ကို ထုတ်ချေးထားပြီးဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

 

ယင်းအပြင် ချေးငွေရယူထားသည့် တောင်သူများအနေဖြင့် တစ်နှစ်တစ်ကြိမ်အရစ်ကျ ပြန်လည်ပေးဆပ်သည့် အရင်းငွေတွေကို လှည့်ပတ်ရန်ပုံငွေအဖြစ် ဘဏ်တွင် စုဆောင်းထားပြီး ချေးငွေလိုအပ်သည့် တောင်သူတွေကို ဆက်လက်ထုတ်ချေးပေးနေခြင်းဖြစ်ကြောင်း သိရသည်။

 

တောင်သူများကို ထုတ်ချေးပေးနေသည့် ချေးငွေအတိုးနှုန်းမှာ ၅ ရာခိုင်နှုန်းဖြစ်ပြီး ချေးငွေသက်တမ်းမှာ နှစ်တို ၃ နှစ်၊ နှစ်ရှည် ၅ နှစ်ဖြစ်ကာ ချေးငွေပမာဏကို တစ်ဦးချင်းဆိုပါက အများဆုံးကျပ်သိန်း ၇၀၀၊ အစုအဖွဲ့အလိုက်ဆိုပါက အများဆုံးကျပ်သိန်း ၅၀၀၀ အထိ သတ်မှတ်ထားခြင်းဖြစ်သည်။

 

ယင်းအပြင် ချေးငွေရယူလိုသည့် တောင်သူတွေအနေဖြင့် ဂရန်မြေ (သို့မဟုတ်) လယ်ယာမြေ အမည်ပေါက်ပိုင်ဆိုင်မှု၊ ၃၀ ရာခိုင်နှုန်း စုဆောင်းငွေ၊ ဝင်ငွေတိုးတက် ရှာဖွေနိုင်မှုနှင့် ချေးငွေ ပြန်လည်ပေးဆပ်နိုင်စွမ်းတွေကို ကြိုတင်တွက်ချက် ပြင်ဆင်ပြီး လိုအပ်သည့်အထောက်အထား၊ အချက်အလက်တွေဖြင့် လျှောက်ထား ရယူနိုင်ကြောင်း သိရသည်။

 

JICA Two Step Loan ချေးငွေစီမံကိန်းသည် ဂျပန်အစိုးရကနေ မြန်မာအစိုးရကို နှစ် ၄၀ သက်တမ်းဖြင့် ချေးပေးထားသည့် ဂျပန်ယန်း ၁၅၁၃၅ သန်း၊ မြန်မာငွေအနေဖြင့် ဘီလီယံ ၂၀၀ ခန့်ကို တောင်သူလယ်သမားတွေဆီ တစ်ဆင့်ပြန်လည်ထုတ်ချေးပေးသည့်ချေးငွေစီမံကိန်းတစ်ခုဖြစ်သည်။

 

#ymg/sth
#Yangon_Media_Group