#Local_News
Published-23 Setember 2022

ပြည်တွင်းဒေါ်လာနှင့်ရွှေဈေးများ ဈေးကျဆင်းလာမှုကို ကုန်သည်များအနေဖြင့် စောင့်ကြည့်နေခြင်းကြောင့် ပဲ၊ နှမ်း ဈေးကွက်တစ်ခုလုံး အရောင်းအဝယ် ရုတ်တရက်အေးနေကြောင်း ပဲ၊ နှမ်းကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

 

ပဲ၊ နှမ်း ဈေးကွက်တစ်ခုလုံး အရောင်းအဝယ်အေးနေပြီး နှမ်းဈေးမှာ ကျဆင်းကာ သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၃၀,၀၀၀ မှ ၄၀,၀၀၀ လောက်အထိ ကျဆင်းသွားကြောင်း သိရသည်။

 

ယင်းအပြင် ကုန်စည်ဒိုင်တစ်ခုလုံးတွင် အရောင်းအဝယ်လုပ်နေသည့် ပဲ၊ ပြောင်း၊ နှမ်းအားလုံး ဈေးကျနေခြင်းဖြစ်ကြောင်းသိရသည်။

 

ပြည်တွင်း ဒေါ်လာဈေး မတည်ငြိမ်မှုကြောင့် ပို့ကုန်ပဲများ အဝယ်မရှိသလောက်ရပ်သွားပြီး ဈေးကျဆင်းသွားခဲ့ရာ မတ်ပဲတစ်အိတ်လျှင် ကျပ် ၁၉၅၀၀၀- မှ ၁၉၈၀၀၀၊ ပဲစင်းငုံ တစ်အိတ်လျှင်ကျပ် ၁၉၅၀၀၀ ဝန်းကျင်ဖြင့် အရောင်းအဝယ်အေးနေကြောင်း၊ တရုတ်လိုင်းသို့ တင်ပို့သည့် ပဲတီစိမ်းဈေးနှုန်းမှာ အမြင့်ဆုံးတစ်အိတ်လျှင် ကျပ် ၁၆၀,၀၀၀ ပေါက်ဈေး ရှိနေကြောင်း သိရသည်။

 

ပို့ကုန်ပဲများအားလုံး သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၅၀၀၀ မှ ၂,၀၀၀ ခန့်ထိ ဈေးကျပြီး အဝယ်အေးနေခြင်းဖြစ်သည်။ လက်ရှိတွင် ပြည်ပသို့ လက်ကျန်ပဲများကိုသာ တင်ပို့နေရကြောင်း သိရသည်။

 

ပြည်ပသို့ပဲမျိုးစုံတင်ပို့မှုမှာ ၅ လတာကာလအတွင်း ပင်လယ်ရေကြောင်းမှ ၆၁၁၅၂၉ ဒသမ ၅၀၈ တန်၊ တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၉၃ ဒသမ ၅၆၀ သန်း၊ နယ်စပ်မှ ၁၄၂၅၈၇ ဒသမ ၂၉၇ တန် ကန်ဒေါ်လာ ၉၆ ဒသမ ၅၈၉ သန်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

 

#Ymg/STH
#Yangon_Media_Group