#Local_News
Published _13 September 2022

 

ရန်ကုန်သို့လိုက်ပါမည့် ဘင်္ဂါလီတစ်ဦးအား ခေါ်ဆောင်လာသူတစ်ဦးနှင့်အတူ စစ်တွေလေဆိပ်၌ စက်တင်ဘာလ ၁၂ ရက်ကတွင် ဖမ်းမိခဲ့ကြောင်း သိရသည်။

 

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့သို့လိုက်ပါရန်လေယာဉ်ကွင်း၌ လေဆိပ်တာဝန်ရှိသူများက မှတ်ပုံတင်များစစ်ဆေးစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရက ထုတ်ပြန်ထားသည်။

 

မှတ်တင်ပုံတင်များစစ်ဆေးစဉ် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေသူ အသက် ၅၁ နှစ်အရွယ် ဒေါ်သန်းနုချေ နှင့် ၇ခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ အမြင့်ကျွန်းကျေးရွာနေသူအသက် ၂၄ နှစ်အရွယ် မသီတာတို့ ၂ ဦး ကိုင်ဆောင်လာသည့် မှတ်ပုံတင်များမှာ အခြားသူတစ်ဦး၏ ကတ်ပြားများကို ငှားရမ်းကိုင်ဆောင်လာကြောင်း သံသယရှိသဖြင့် ဆက်လက်စစ်ဆေးခဲ့ရာ အထက်ပါအတိုင်း အမှုပေါ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ဒေါ်သန်းနုချေမှာ ပေါက်တောမြို့နယ်၊ နန်းရောင်ကျေးရွာရှိ သားဖြစ်သူ ညီညီစိုးအား ခေါ်ယူရန် ရန်ကုန်မှ စစ်တွေသို့ စက်တင်ဘာလ ၂ ရက်တွင် ရောက်ရှိခဲ့ပြီး စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ တူမတော်စပ်သူ၏ နေအိမ်၌ တည်းခိုနေထိုင်ခဲ့ကြောင်း၊ စစ်တွေမြို့၌ တည်းခိုနေထိုင်စဉ် ယခင်ကသိကျွမ်းခဲ့သည့် မူဟာမတ်ရော်ဖီး အုန်းတောကြီး(တောင်) ကျေးရွာနေထိုင်သူမှ ၎င်း၏တူမဖြစ်သူ မအယ်စမာဘီဘီအား ဆေးကုသနိုင်ရေး ရန်ကုန်မြို့သို့ ခေါ်ဆောင်ပေးပါက လေယာဉ်လက်မှတ် ကုန်ကျစရိတ်နှင့် ပို့ဆောင်ခအဖြစ် စရံငွေ ၅ သိန်းကျပ် ပေးမည်ဖြစ်ပြီး ဆေးကုသပြီးနောက် စစ်တွေမြို့သို့ ပြန်လည်ရောက်ရှိပါက ငွေ ၅ သိန်းကျပ် ထပ်မံပေးမည်ပြောဆိုသဖြင့် ဒေါ်သန်းနုချေက ရန်ကုန်တွင် ၎င်းနှင့်အတူ နေထိုင်သည့်သားဖြစ်သူ ဘိုမင်းစိုး၏ ဇနီး မသီတာ မှတ်ပုံတင်ဖြင့် ဘူးသီးတောင်မြို့နယ်၊ ဖုံညိုလိပ်ရွာနေသူ အသက် ၁၄ နှစ် အရွယ် မအယ်စမာဘီဘီ အား ရန်ကုန်သို့ ခေါ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

 

ယခုအခါ ၎င်းတို့ ၂ ဦးကို စစ်တွေမြို့မရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#ymg/mt
#Yangon_Media_Group