#Local_News
Published _ 12 September 2022

 

ယခုနှစ်ထောပတ်သီးရာသီအတွက် ဒူဘိုင်းကနေ တပတ်ကို ၁၅တန်ဖြင့် အပတ်စဉ်တင်ပို့ရန်နှင့် စင်ကာပူနိုင်ငံမှ တန်ချိန် ၂၀ စမ်းသပ်တင်ပို့ရန်အတွက် အမှာစာတွေရရှိထားကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

 

"ပြည်ပကနေ အမှာစာတွေရရှိထားပြီးပါပြီ။ လက်ရှိကတော့ ဈေးနှုန်းရရှိမှုအပါအဝင် တင်ပို့ဖို့အတွက်ကိုဆွေးနွေးနေပါပြီ။ လာမယ့် နိုဝင်ဘာလလောက်ကို စတင်တင်ပို့နိုင်ဖို့အတွက် မျှော်မှန်းထားပါတယ်" ဟု ၎င်းကဆိုသည်။

 

ပြည်ပသို့ Hass အမျိုးအစား ထောပတ်သီးတွေကို တင်ပို့မှာဖြစ်ပြီး အဓိကအားဖြင့် ထို Hass အမျိုးအစား ထောပတ်သီးတွေဟာ ရှမ်းပြည်နယ် တောင်ပိုင်းမှ ထွက်ရှိကြောင်း သိရသည်။

 

လိုအပ်ချက်များရှိခဲ့လျင် ပြင်ဦးလွင်နှင့် အခြားဒေသများမှ ထွက်ရှိသည့် ထောပတ်သီးများပါ တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

 

အရေအတွက်ပေါ်မူတည်ပြီး များလျင်များသည့်အလျှောက် ပင်လယ်ရေကြောင်းလမ်းဖြင့် တင်ပိုသွားမည်ဟု ၎င်းကဆိုထားသည်။

 

Hass အမျိုးအစား ထောပတ်သီးတွေဟာ အောက်တိုဘာလအလည်လောက်တွင် စတင်ထွက်ရှိကာ ဇန်နဝါရီလကုန်ခန့်၌ ထောပတ်သီးရာသီကုန်ဆုံးလေ့ရှိသည့်အတွက် ပြည်ပသို့ နိုဝင်ဘာလမှ ဇန်နဝါရီလအတွင်း တင်ပို့မည်ဖြစ်ကြောင်း ယင်းမှသိရသည်။

 

ပြည်ပဈေးကွက်တွင် အလားအလာများစွာရှိနေသည့် အဆိုပါထောပတ်သီးကို ရှမ်းပြည်နယ်တောင်ပိုင်းတွင် ထပ်မံတိုးချဲ့စိုက်ပျိုးနိုင်ရန် ပြုလုပ်နေလျှက်ရှိပြီး မန်းလေးနှင့် ပြင်ဦးလွင်တို့၌လည်း အများအပြားစိုက်ပျိုးလာနေပြီဖြစ်ကြောင်း သိရှိရသည်။

 

#ymg/NN
#Yangon_Media_Group