#Local_News
Published _ 12 September 2022

 

မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းနီသံဃာတော်များသမဂ္ဂ၏ ဘဏ္ဍာရှာဖွေရေးအဖွဲ့ အတွင်းရေးမှူး ဆရာတော် ဦးဂန္ဓမာအပါအဝင် ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုအရေး တက်ကြွလှုပ်ရှားသူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းအပေါ် ရှမ်းအဖွဲ့ ၁၁ ဖွဲ့က စက်တင်ဘာလ ၉ ရက် နေ့စွဲဖြင့် သဘောထားတစ်စောင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

 

သဘောထားထုတ်ပြန်သော အဖွဲ့အစည်းများ မှာ Global Shan Network - GSN ၊ Tai Youth Organization - TYO ၊ Tai National Community - Thailand ၊ Tai Youth Yangon ၊ Tai Youth Htong Mao ၊ Tai Youth Laikha ၊ Tai Youths Network Japan - TYNJ ၊ Tai Youth Community - South Korea ၊ Tai Sangha Students Thailand ၊ Shan Community in Japan - SCJ ၊ Kyun Ta Htaung Myae Foundation တို့ ဖြစ်သည်။

 

ယင်းထုတ်ပြန်ချက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြိုနယ် အနောက်ပိုင်းဒေသ နောင်ပတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၏ ဦးဆောင်ဆရာတော် ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းနီသံဃာတော်များသမဂ္ဂ၏ ဘဏ္ဍာရှာဖွေရေးအဖွဲ့ အတွင်းရေးမှူး ဆရာတော် ဦးဂန္ဓမာအား ပြီးခဲ့သည့် စက်တင်ဘာလ (၄)ရက်တွင် ပင်လည်ဘူးမြိုနယ်တွင်းသို ဝင်ရောက်နေသော KIA+PDF တပ်ဖွဲ့များက ဖမ်းဆီးခေါ်ဆောင်သွားပြီး အကြမ်းဖက်သတ်ဖြတ်လိုက်သည်ဟု ကြားသိရမိ၍ များစွာအံ့သြထိတ်လန့်မိကြောင်း ရေးသားထားသည်။

 

ယင်းအပြင် ပြီးခဲ့သည့် ဇွန်လ (၁၅)ရက်တွင် ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုအရေး လှုပ်ရှားနေသည့် ဖောင်းပြင်မြို့နယ် လွင်ကြီးကျေးရွာမှ ဆရာတော်၏ကားကို ဖမ်းဆီးမီးရှို့ဖျက်ဆီးခြင်း၊ ဇွန်လ (၁၉)ရက်တွင် ဗန်းမောက်မြို့နယ် ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးရေးတာဝန်ခံ စိုင်းကျန်အောင်အား ဖမ်းဆီးနှိပ်စက်ခြင်း၊ ဇွန်လ (၂၅)ရက်တွင် ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာမှ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီနာယကဖြစ်သူ ဦးသန်းဖေအား လုပ်ကြံသတ်ဖြတ်ခြင်း၊ ဇူလိုင်လ (၃၀)ရက်တွင် ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာနေ ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဆရာစိုင်းရေကျော်အား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ သြဂုတ်လ (၂၁)ရက်တွင် ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုအရေး ဦးဆောင်လုပ်ရှားနေသည့် ဗန်းမောက်မြို့နယ် ကြောင်လည်ရွာမှ ဆရာတော် ဦးသူရိယအား ဖမ်းဆီးခြင်း စသည့်အကြမ်းဖက်မှုမြောက်သည့် ကိစ္စရပ်များကို ဆက်တိုက်ကျူးလွန်ခဲ့ကြကြောင်း ကြားသိခဲ့ရသည်ဟုလည်း ဖော်ပြထားသည်။

 

၎င်းဖမ်းဆီးသတ်ဖြတ်မှုများသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ(IHL)ကို လေးစားလိုက်နာခြင်းမရှိဘဲ စစ်ရာဇဝတ်မှုကို ကျူးလွန်ခဲ့ကြခြင်းဖြစ်သည့်အပြင် ကုလသမဂ္ဂ၏ ဌာနေတိုင်းရင်းသားလူမျိုးများ အခွင့်အရေးဆိုင်ရာကြေညာစာတမ်း (UNDRIP)ပါ အပိုဒ်(၃)၊ အပိုဒ်(၈)နှင့် အပိုဒ်(၁၁)ကိုလည်း ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ လက်နက်မဲ့ အရပ်သားပြည်သူများအား ဖက်ဆစ်ဆန်ဆန် ဥပဒေမဲ့ အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်ခြင်းအပေါ် မိမိတို့သျှမ်းအရပ်ဖက်အဖွဲ့အစည်းများမှ ပြင်းထန်စွာရှုတ်ချကန့်ကွက်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

 

ယင်းကြောင့် ရှမ်းနီတိုင်းရင်းသားလူမျိုးများအပေါ် ဥပဒေမဲ့ အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ပတ်သက်၍ NUG အပါအဝင် KIA+PDF တာဝန်ခံရမည်ဖြစ်ကြောင်း၊ တပ်ဖွဲ့များအနေဖြင့် ယင်းကဲ့သို့ ရှမ်းနီတိုင်းရင်းသား လူမျိုးများအပေါ် ဥပဒေမဲ့ အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ပတ်သက်၍ NUG အပါအဝင် KIA-PDF တပ်ဖွဲ့များအနေဖြင့် တာဝန်ခံရမည် ဖြစ်ကြောင်း သဘောထားထုတ်ပြန်ကြေညာလိုက်သည်ဟု ဖော်ပြထားသည်။

 

#ymg/mt
#Yangon_Media_Group