#LocalNews
Published - 4 Sep 2022

 

ဖျာပုံမြို့နယ်တွင် ပစ်သတ်ခံရသောအမျိုးသမီး ၂ ဦးဖြစ်စဉ်မှ ဆက်စပ်သူ ၁၉ ဦးကို ဖမ်းဆီးမိကြောင်း နစက အနေဖြင့် စက်တင်ဘာလ ၃ ရက်တွင် ထုတ်ပြန်လိုက်သည်။

 

ဩဂုတ်လ ၂၃ ရက်က ဖျာပုံမြို့နယ်၊ ချောင်းတွင်းကျေးရွာအနီးရှိ KM စားသောက်ဆိုင်အတွင်း အမျိုးသမီး ၂ ဦးအား ပစ္စတိုဖြင့်ပစ်သတ်၍ ရွှေထည်ပစ္စည်းအချို့ကို လုယက်ယူဆောင်သွားသည့် ဖြစ်စဉ်၏ ဆက်စပ်သူများ ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ယင်းတွင် အမျိုးသား ၁၈ ဦး ၊ အမျိုးသမီး ၁ ဦး ၊ စုစုပေါင်း ၁၉ ဦးကို ပစ္စတို ၄ လက်၊ ကျည်မျိုးစုံ ၁၉၈ တောင့်၊ ကျည်အိမ် ၂ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်မိုင်း ၂ လုံးနှင့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများ၊ သတ်ဖြတ်ခံခဲ့ရသည့် အမျိုးသမီး ၂ ဦး၏ အမည်ပါ ကျောင်းသားကတ် ၁ ခု၊ နိုင်ငံသားစိစစ်ရေးကတ် ၁ ခု၊ ဆွဲကြိုး ၁ ကုံး၊ ဟန်းချိန်း ၁ ခု၊ လက်ပတ်နာရီ ၁ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဩဂုတ်လ ၂၉ ရက် နံနက်ပိုင်းကအထက်ပါဖြစ်စဉ်၌ ပါဝင်ကျူးလွန်ခဲ့သူများဖြစ်သည့် ကောင်းစည်သူ အား ဖျာပုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ သီတာလမ်းရှိ ၎င်း၏နေအိမ်တွင်လည်းကောင်း၊ အောင်မိုးမြင့်(ခ) အေးမင်းသူ (ခ) အေးမင်း အား ဖျာပုံမြို့၊ အမှတ်(၁၆)ရပ်ကွက်၊ ပဒုမ္မာ(၅)လမ်းရှိ ၎င်း၏နေအိမ်တွင်လည်းကောင်း၊ သိမ့်တြာလှိုင် အား ဖျာပုံမြို့၊ အမှတ်(၉) ရပ်ကွက်၊ မဟာဗန္ဓုလလမ်းရှိ ၎င်း၏နေအိမ်တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း၊ ဩဂုတ်လ ၃၁ ရက် နံနက်ပိုင်းတွင် တီးတီး(ခ)ကိုကိုအောင်အား တွံတေးမြို့နယ်၊ ဘုရားငုတ်တို စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ စံလင်းစံ အား ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ဆင်မင်းဈေးမှတ်တိုင်အနီး၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

တီးတီး(ခ)ကိုကိုအောင်၏ ထွက်ဆိုချက်အရ စက်တင်ဘာလ ၁ ရက် နံနက်ပိုင်းတွင် ဟိန်းသူလွင်(ခ) သာကဒိုး အား ဖျာပုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဓနိတော(၈)လမ်းရှိ ၎င်း၏နေအိမ်တွင်လည်းကောင်း၊ ဇော်မင်းသူ(ခ) မက်စီ(ခ)မျောက်ကြီး အား ဖျာပုံမြို့၊ အမှတ်(၁၅)ရပ်ကွက်၊ အောင်သုခ(၂)လမ်းရှိ ၎င်း၏နေအိမ်တွင်လည်းကောင်း၊ ကျော်သူရအား ဖျာပုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဓနိတောလမ်းရှိ ၎င်း၏နေအိမ်တွင်လည်းကောင်း၊ ကျော်ဇောဦးအား ဖျာပုံမြို့နယ်၊ ကျုံကူကျေးရွာ၌ SIGSAUER ပစ္စတို ၁ လက်၊ Glock ပစ္စတို ၂ လက်၊ ၉ မမကျည် ၁၅၀ တောင့်၊ ပစ္စတိုကျည်အိမ် ၂ ခု၊ ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများ၊ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည့် အမျိုးသမီး ၂ ဦး၏ အမည်ပါ ကျောင်းသားကတ် ၁ ခု၊ နိုင်ငံသားစိစစ်ရေးကတ် ၁ ခု၊ ဆွဲကြိုး ၁ ကုံး၊ ဟန်းချိန်း ၁ ခု၊ လက်ပတ်နာရီ ၁ လုံးတိုနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ဖမ်းဆီးရမိတရားခံ စံလင်းစံ၏ ထွက်ဆိုချက်အရ စက်တင်ဘာလ ၁ ရက် နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ရန်ကုန်-ပြည်လမ်း၊ အေးချမ်းကား မှတ်တိုင်အနီး၌ အကြမ်းဖက်မှုများအား ကျူးလွန်ပြီး လာရောက်တိမ်းရှောင်နေသော BDFP အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် ဝင်းမြတ်သိန်းဇော် အားလည်းကောင်း၊ အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ ဆင်မင်းလမ်းနှင့် ငုဝါလမ်းထောင့်ရှိ တိုက်အမှတ်(၁၀၇)၊ (၇)လွှာ၌ အကြမ်းဖက်မှုများအားကျူးလွန်ပြီး လာရောက်တိမ်းရှောင်နေသော မအူပင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များဖြစ်သော စိုင်းနောင် (ခ)လက်ယာ၊ မျိုးမင်းဦး၊ ဝေဖြိုးအောင်၊ သူရဦး၊ ငြိမ်းချမ်း တို့အား SIGSAUER ပစ္စတို ၁ လက်၊ ၉ မမ ကျည် ၄၈ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်မိုင်း ၂ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

စံလင်းစံ ၏ထွက်ဆိုချက်အရ ယင်းနေ့ ညနေပိုင်းတွင် မှော်ဘီမြို့နယ်၊ ချော်ကုန်းကျေးရွာ၊ ပန်းတစ်ပွင့်တောင်လမ်း၊ မြစည်းခုံကျောင်းတိုက်ရှေ့၌ ကျော်ဆန်းဦးနှင့် သူရဖြိုး(ခ)ဝတုတ်တို့အား ဖမ်းဆီးရမိခဲ့ပြီး ထိုသို့ဖမ်းဆီးစဉ် သူရဖြိုး(ခ)ဝတုတ်သည် အဖမ်းမခံဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်အားလုယူ၍ ထွက်ပြေးရန်ကြိုးစားခဲ့သဖြင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ ယာပေါင်ဖောက်ဝင် ဒဏ်ရာဖြင့် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ဇော်မင်းသူ(ခ)မက်စီ(ခ)မျောက်ကြီး၏ ထွက်ဆိုချက်အရ စက်တင်ဘာလ ၁ ရက် နေ့လယ်ပိုင်းတွင် ရဲဇော်ထက်(ခ) မောင်မောင် အား ဖျာပုံမြို့၊ အမှတ်(၁၆)ရပ်ကွက်၊ ပဒုမ္မာ(၄)လမ်းရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ၊ ဝင်းမြတ်သိန်းဇော်၏ ထွက်ဆိုချက်အရ စက်တင်ဘာလ ၁ ရက် နေ့လယ် ပိုင်းတွင် မှော်ဘီမြို့နယ်၊ နှင်းဆီမြိုင်ရပ်ကွက်၌ ထွန်းထွန်းဦး (ခ)စနေ အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖမ်းခံရသူတို့၏ထွက်ဆိုချက်အရ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၉ ရက်တွင် ဖျာပုံမြို့ရှိ အခွန်ဦးစီးရုံးနှင့် အမှတ်(၄) ရပ်ကွက်ရှိ ရစဖမှူး ၁ ဦး၏ နေအိမ်တို့ကိုလက်လုပ်မိုင်းဖြင့် လည်းကောင်း၊ အောက်တိုဘာလ ၁၇ ရက်တွင် ဖျာပုံမြို့၊ အမှတ်(၁၆)ရပ်ကွက်ရှိ Mytel တာဝါတိုင်စက်ခန်းကို လက်လုပ်မိုင်း ၂ လုံးဖြင့် လည်းကောင်း၊နိုဝင်ဘာလ ၂၂ ရက်တွင် ဖျာပုံမြို့တွင်းရှိ ယာဉ်ထိန်းရဲကင်းရုံနှင့် အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်စီမံအုပ်ချုပ်ရေးရုံးရှေ့တို့ကို လက်လုပ်မိုင်းဖြင့် လည်းကောာင်း၊၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်တွင် ဖျာပုံမြို့၊ အမှတ်(၁၆)ရပ်ကွက်ရှိ ရပ်ကွက်စီမံအုပ်ချုပ်ရေးရုံးကို လက်လုပ်မိုင်းဖြင့် လည်းကောင်း ဖောက်ခွဲခဲ့ကြောင်း သိရသည်။

ယင်းအပြင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်က ဖျာပုံမြို့၊ အမှတ်(၁၅)ရပ်ကွက်၊ (၈)လမ်းမှ အရပ်သားမျိုးသား ၁ ဦး ၊ အောက်တိုဘာလ ၂၆ ရက်က မအူပင်မြို့၊ အမှတ်(၁၀)ရပ်ကွက်၊ အောင်မြေ သာစည်လမ်းနေ အရပ်သားတစ်ဦး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် မအူပင်မြို့နယ်၊ မလက်တိုရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၁ ဦး၊ဧပြီလ ၂၄ ရက်တွင် ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကျုံကျိုက်ကျေးရွာရှိ ရစဖမှူးတို့ ဇနီးမောင်နှံ၊မေလ ၂၉ ရက်တွင် မအူပင်မြို့နယ်၊ ခွာလေးကျွန်းကျေးရွာနေ အမျိုးသား ၁ ဦး ၊ ဩဂုတ်လ ၂၃ ရက်တွင် ဖျာပုံမြို့နယ်၊ ချောင်းတွင်းကျေးရွာအနီး၊ KM စားသောက်ဆိုင်တွင် အမျိုးသမီး ၂ ဦး တို့ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group