Published_ 31 Aug 2022
မြန်မာအလုပ်သမားခေါ်ယူမည့် Quota ဦးရေ တိုးမြှင့်သတ်မှတ်ပေးရန် ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်က ကိုရီးယားနိုင်ငံ၊ Gyeongnam ပြည်နယ်၊ Changwon မြို့၌ ဩဂုတ် ၂၉ ရက်မှ ၃၀ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့တဲ့ “2022 EPS Conference” မှာ ပြောကြားခဲ့ပါတယ်။
သံအမတ်ကြီးသည် ကိုရီးယားနိုင်ငံသို့ Employment Permit System – EPS စနစ် ဖြင့် တရားဝင်အလုပ်သမား စေလွှတ်လျက်ရှိသည့် အခြား (၁၅) နိုင်ငံမှ သံအမတ်ကြီး များ၊ သံရုံးအကြီးအကဲများနှင့် အတူ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါဆွေးနွေးပွဲတွင် အိမ်ရှင်ကိုရီးယားနိုင်ငံ၊ အလုပ်အကိုင်နှင့် အလုပ်သမား ရေးရာဝန်ကြီးဌာနအောက်ရှိ HRD-Korea ၏ ဥက္ကဋ္ဌ Mr. Soobong Uh က မိန့်ခွန်း ပြောကြားခဲ့ပြီး ကိုရီးယားနိုင်ငံအနေဖြင့် EPS စနစ်ဖြင့် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ တရားဝင် အလုပ်သမားများအားခေါ်ယူ၍ အလုပ်အကိုင်များ တိုးမြှင့်ဖန်တီးပေးနေမှု၊ အလုပ်သမား များ လုပ်ငန်းခွင်အန္တရာယ် ကာကွယ်ရေးကဏ္ဍတွင် အလုပ်ရှင်၊ အလုပ် သမားများအား အသိပညာပေးမှု တိုးမြှင့်ဆောင်ရွက်နေမှု၊ ကျွမ်းကျင်အလုပ်သမားများ ပိုမိုလိုအပ်နေမှု တို့ကို ဆွေးနွေးပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
EPS စနစ်ဖြင့် ကိုရီးယားနိုင်ငံသို့ တရားဝင်မြန်မာ အလုပ်သမားများကို ၂၀၁၁ ခုနှစ်က စတင်စေလွှတ်လျက်ရှိရာ ယနေ့အထိ (၄၄၄၇၂) ဦး စေလွှတ်ပြီးပါတယ်။၊ ကိုဗစ်-၁၉ ကာလအတွင်း ကိုရီးယားနိုင်ငံဘက်မှ မြန်မာအလုပ်သမားများ၏ တန်းစီဇယား သက်တမ်းကို (၁) နှစ် တိုးပေးခဲ့ခြင်းနှင့် Certificate for Confirmation of Visa Issuance (CCVI) သက်တမ်းကို ၃ လ မှ ၆ လ သို့လည်းကောင်း၊ ၆ လမှ ၁ နှစ်အထိ လည်းကောင်း တိုးမြှင့်ပေးခဲ့ကြောင်း သိရပါတယ်။
အဆိုပါအစည်းအဝေးတွင် HRD-Korea ဥက္ကဋ္ဌ၊ Korea Occupational Safety and Health Agency ဥက္ကဋ္ဌ နှင့် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ သံရုံးအကြီးအကဲတို့က E-9 အလုပ် သမားများ လုပ်ငန်းခွင် အန္တရာယ်တားဆီးကာကွယ်ရေးအတွက် စိတ်အားထက်သန်မှုကို ဖော်ပြသည့် စာချွန်လွှာ Letter of Intent for the Prevention of Industrial Accidents for Foreign Workers (E-9) အား လက်မှတ်ရေးထိုး၍ လဲလှယ်နိုင်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group