ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ၏ သတင်းထုတ်ပြန်ချက်အပြည်အစုံ

( Unofficial Translation)

နေပြည်တော်-

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် နိုလင်းဟေဇာသည် အထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံသို့ ပထမဆုံးခရီးတွင် အကြမ်းဖက်မှုများလျှော့ချရေး၊ဘက်ပေါင်းစုံအကျပ်အတည်းများကို ကိုင်တွယ်ဖြေရှင်းရေးနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်နေသော ပြည်သူအားလုံးသို့  ခွဲခြားဆက်ဆံမှုမရှိစေရဘဲ အနှောင်အဖွဲ့မရှိ ရောက်ရှိစေရေးတို့အတွက် လက်တွေ့ကျသော ခြေလှမ်းအဖြစ် လူချင်းတွေ့ဆုံဆွေးနွေးရန် နေပြည်တော်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ပါသည်။

ဗိုလ်ချူပ်မှူးကြီးနှင့် သူ၏ အကြီးတန်းအကြံပေးများကို  အထူးကိုယ်စားလှယ်၏ တွေ့ဆုံမှုသည် ပြည်သူများ၏ ဆန္ဒနှင့် လိုအပ်ချက်အပေါ်အခြေခံသည့် အရပ်သားအုပ်ချုပ်မှုကို ပြန်လည်‌ရောက်ရှိစေရန် အကျိုးရှိပြီးငြိမ်းချမ်းသည့် မြန်မာက ဦးဆောင်သော နိုင်ငံရေးလမ်းကြောင်းတစ်ခုကို  ကုလသမဂ္ဂ၏ အရေးတကြီး ထောက်ခံအားပေးမှုဖြင့်   ကျယ်ပြန့်စွာ ကြိုးစားအားထုတ်မှု၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ ဘက်မလိုက်သည့် လှုပ်ရှားဆောင်ရွက်သူတစ်ဦးအဖြစ် အထူးကိုယ်စားလှယ်၏ အခွင့်အာဏာသည်ကုလသမဂ္ဂ၏ အခြေခံမူများနှင့်ကိုက်ညီစွာ မြန်မာနိုင်ငံ၊ဒေသနှင့် ကမ္ဘာကြီးအတွင်းက ပါဝင်ပတ်သက်သူ အားလုံးနှင့် စေ့စပ်ညှိနှိုင်းရန်ဖြစ်ပါသည်။ နိုင်ငံရေးနယ်ပယ်တစ်လွှားက လှုပ်ရှား ဆောင်ရွက်ကြသူများ၊အရပ်ဘက်အဖွဲ့အစည်းများနှင့် ပဋိပက္ခ အကျိူးသက်ရောက်မှုရှိနေသည့် လူ့အဖွဲ့အစည်းများနှင့်  ကျယ်ပြန့်စွာဆွေးနွေးပြီးနောက် အထူးကိုယ်စားလှယ်၏ ခရီးပေါ်ပေါက်လာခဲ့ပါသည်။

“ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ၊လုံခြုံရေးဆိုင်ရာနှင့် စီးပွားရေးနှင့်လူမှုရေးအကျပ်အတည်းတွေနှင့်ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်ပူပန်နေပါတယ်” ဟု အထူးကိုယ်စားလှယ် ဟေဇာကပြောပါသည်။ “ ကျွန်မရဲ့ခရီးဟာ ကုလသမဂ္ဂရဲ့စိုးရိမ်ပူပန်မှုတွေကို ပြောပြဖို့နှင့် ပဋိပက္ခတွေနှင့်ပြည်သူတွေထိခိုက်ခံစားနေရမှုတွေ လျှော့ချနိုင်ရေးအတွက် လိုအပ်တဲ့ တိကျတဲ့ ခြေလှမ်းတွေ  အဆိုပြုဖို့ ဖြစ်ပါတယ် ။ ကုလသမဂ္ဂရဲ့ စေ့စပ်ဆွေးနွေးမှုဟာ တရားဝင်ဖြစ်မှုကို မည်သည့်နည်းနှင့်မျှ အပ်နှင်းပေးခြင်း မဟုတ်ပါ။မြန်မာပြည်သူများသည် ကြောက်ရွံမှုကင်းစွာဖြင့်  ဒီမိုကရေစီအခွင့်အရေးနှင့်  ကိုယ်ပိုင်ဆုံးဖြတ်နိုင်သည့် အခွင့်အရေးများ ရှိပါသည်။ ထိုအခွင့်အရေးများသည်လည်း အားလုံးပါဝင်သော လုပ်ငန်းစဉ်တစ်ခုတွင် ပါဝင်ပတ်သက်သူအားလုံး၏ စေတနာနှင့် ကြိုးပမ်းအားထုထ်မှုများဖြင့်သာ ဖြစ်နိုင်ပါတယ်”ဟု သူမကပြောပါသည်။

ငြိမ်းချမ်းရေးနှင့် မည်သည့် စီးပွားရေးနှင့်လူမှုပြုပြင်ပြောင်းလဲခြင်းမဆို ရရှိစေရန် သော့ချက်ဖြစ်နေသည့် မြန်မာနိုင်ငံရှိ အမျိုးသမီးများကို အကာအကွယ်ပေးရေးနှင့် လုပ်ပိုင်ခွင့်ပေးရေးတို့အတွက် ထောက်ခံအားပေးမှုပေးရန် ကုလသမဂ္ဂအနေဖြင့် အာရုံစိုက်ထားကြောင်းလည်း သူမကဖြည့်စွက်ပြောပါသည်။

မြန်မာနိုင်ငံရှိ မည်သည့်တိုးတက်မှုမဆို အကြမ်းဖက်မှုများအဆုံးသတ်မှုနှင့် အောက်ခြေရှိပြည်သူများ၏ ဘဝများ မြင်သာသိသာသည့် တိုးတက်မှုများရှိသည့်အပေါ် မှီတည်နေကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ကုလသမဂ္ဂက ပြင်းထန်စွာရှုတ်ချခဲ့သည့် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများအပေါ် သေဒဏ်ပေးခဲ့ပြီးနောက် အနာဂတ်တွင်‌သေဒဏ်ပေး ကွက်မျက်ခြင်းများကို တရားဝင် ဆိုင်းငံ့ထားပေးရန်  အထူးကိုယ်စားလှယ်က ဗိုလ်ချူပ်မှူးကြီးထံ တိုက်ရိုက်တောင်းဆိုခဲ့ပါသည်။ နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ တောင်းဆိုမှုကိုလည်း သူမက ထပ်လောင်းပြောဆိုခဲ့ပါသည်။

“ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မေတ္တာရပ်ခံမှုကို အကောင်အထည်ဖော်ပေးဖို့ နစက ကို ကျွန်မတောင်းဆိုခဲ့ပါတယ်” ဟု အထူးကိုယ်စားလှယ်ကပြောပါသည်။ “ ဩစတြေလျစီးပွားရေးပညာရှင် ရှောင်တာနယ်ကို လွှတ်ပေးဖို့ ဩစတြေးလျ အစိုးရရဲ့ အထူး မေတ္တာရပ်ခံချက်ကိုလည်း ကျွန်မ လက်ဆင့်ကမ်းခဲ့ပါတယ်။ အကျဉ်းထောင်ထဲမှာ ဒါမှမဟုတ် အခြားနေရာတွေမှာ ထိန်းသိမ်းခံနေရတဲ့ ကလေးသူငယ်တွေကိုလွှတ်ပေးဖို့ကိုလည်း ကျွန်မ ပုဂ္ဂလိက တောင်းဆိုပါတယ်”

အကြမ်းဖက်မှုပုံစံအားလုံး ချက်ခြင်းရပ်စဲရန်၊လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို အပြည့်အဝလေးစားလိုက်နာရန်နှင့် လိုအပ်နေသူများအားလုံးထံ အပြည့်အဝဖြစ်ပြီး ဘေးကင်းလုံခြုံ၊ချုပ်ခြယ်မှုကင်းသော လူသားချင်းဆိုင်ရာ ဆောင်ရွက်ခွင့်များရရှိရေးတို့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ နောက်ဆုံး တောင်းဆိုချက်ကို အထူးကိုယ်စားလှယ်က ချဲ့ထွင်ရှင်းပြခဲ့ပါသည်။ လေကြောင်းဖြင့် ဗုံးကြဲခြင်းနှင့်အရပ်သား နေအိမ်များနှင့် အဆောက်အအုံများကို မီးရှို့ခြင်းတို့ကို အဆုံးသတ်ရန်အပါအဝင် လက်ငင်းနှင့်တိကျသော အရှိန်လျှော့ချရေးအဆင့်များ ဆောင်ရွက်ရန် သူမက တောင်းဆိုခဲ့ပါသည်။

လူမှုအသိုက်အဝန်းများအကြား အရပ်သားများ နေရပ်ပြောင်းရွှေ့နေရခြင်းနှင့်ပတ်သက်၍ နက်ရှိုင်းစွာ စိုးရိမ်ပူပန်ကြောင်းနှင့် ထိခိုက်ခံစားနေရသူများထံ အသက်ကယ်အကူအညီများနှင့်အတူ လူသာချင်းစာနာထောက်ထားရေးဆောင်ရွက်သူများ ရောက်ရှိရေး ပိုမိုကျယ်ပြန့်သော နေရာပေးရန်လိုအပ်ကြောင်းကို အထူးကိုယ်စားလှယ်က ဖော်ပြခဲ့ပါသည်။  လိုအပ်နေသည့် ပြည်သူများထံ လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ခွဲခြားဆက်ဆံမှုမရှိ၊ချုပ်ကိုင်ခြယ်လှယ်မှုမရှိဘဲ ပိတ်ဆီးခြင်းမရှိ ချက်ခြင်းပေးပို့နိုင်စေရေး  အဖွဲ့အစည်းအားလုံးက လုပ်ဆောင်ရမည်ကိုလည်း သူမက အလေးပေး ပြောဆိုခဲ့ ပါသည်။   လမ်းကြောင်းအားလုံးမှ ပေးဝေနိုင်ရေး အရေးကြီးမှုကို အလေးပေးပြောဆိုခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့် အခြား လှုပ်ရှားဆောင်ရွက်သူများက နိုင်ငံရေး အကျပ်အတည်း၏ တိုက်ရိုက် ရလာဒ်ဖြစ်သည့် အရေးပေါ်ကိစ္စများ အာရုံစိုက်နိုင်ရန် လူသားချင်းစာနာထောက်ထားမှု စေ့စပ်ဆောင်ရွက်ရေးဆိုင်ရာ အားလုံးပါဝင်သည့်ဖိုရမ်တစ်ခုကို တည်ထောင်ပေးရန် သူမကို တောင်းဆိုထားသည့်ကိစ္စ တင်ပြခဲ့ပါသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်  သူမအပေါ် နောက်ဆုံးပြစ်ဒဏ်များချမှတ်ပြီးသည့်နောက် တွေ့ဆုံခွင့်ရရန် အထူးကိုယ်စားလှယ်က မေတ္တာရပ်ခံခဲ့ပါသည်။ “ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနှင့် လက်ရှိအခြေအနေမှာ သူကျန်းမာပျော်ရွှင်ရေးတွေအတွက် ကျွန်မ အထူးစိတ်ပူပန်မိပါတယ်။ အိမ်ကို ခပ်စောစောပဲ သူမပြန်သွားနိုင်အောင်လို့လည်း မေတ္တာရပ်ခံခဲ့ပါတယ်” ဟု အထူးကိုယ်စားလှယ် ဟေဇာကပြောပါသည်။ “ ကျွန်မအနေနှင့် သူမကို မြန်နိုင်သမျှမြန်မြန်တွေ့လိုပါတယ်။  ဒါဟာ ကျွန်မရဲ့တစ်သီးပုဂ္ဂလက ဂရုစိုက်မှုအရရော၊ သက်ဆိုင်တဲ့ အဖွဲ့အစည်းအားလုံးနှင့် ကျွန်မလုပ်ဆောင်နေတဲ့ ဆွေးနွေးမှုတွေမှာ သူမဟာ အရေးကြီးသူတစ်ဦးလို့ ကျွန်မယုံကြည်တာရော ကြောင့်ဖြစ်ပါတယ်”

ယခုလကုန်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်ရန်ရှိသည့် သူမ၏ ခရီးမတိုင်ခင် သူမအနေဖြင့် အစိုးရနှင့်တွေ့ဆုံအကြံပေး ပြီး ရိုဟင်ဂျာ တစ်သန်းနှင့် အတင်းအကြပ် နေရပ်ပြောင်းရွှေ့ခံထားရသည့်အခြားသူများကို လက်ခံထားသည့် ကော့ဘာဇားရှိဒုက္ခသည်စခန်းသို့ သွားရောက်မည့် သူမစီစဉ်ထားကြောင်း ဗိုလ်ချူပ်မှူးကြီးကို အထူးကိုယ်စားလှယ်က ပြောကြားခဲ့ပါသည်။  ဒုက္ခသည်များ ဆန္ဒအလျောက် ဘေးကင်းပြီး ဂုဏ်သိက္ခာရှိစွာနှင့် စဉ်ဆက်မပြတ်ပြန်လာရေး အထောက်အကူပေးသည့် အခြေအနေများအတွက် မြန်မာနိုင်ငံ၏ တာဝန်ရှိမှုအပြင် ရိုဟင်ဂျာများ၏ အခွင့်အရေးနှင့် ချမ်းသာသုခများသည် ငြိမ်းချမ်းပြီးကြွယ်ဝချမ်းသာသည့် မြန်မာနိုင်ငံ၏ အနာဂတ်တွင် အသေအချာ ပေါင်းစည်းနိုင်ရေးများကို သူမက အလေးပေးပြောဆိုခဲ့ပါသည်။

အထူးကိုယ်စားလှယ်က ဗိုလ်ချူပ်မှူးကြီးထံ အာဆီယံပဋိညာဉ်၏ အခြေခံဖြစ်သော ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကိုပေးအပ်ခဲ့ပါသည်။ ထို့အပြင် အချုပ်အခြာအာဏာသည် ဘယ်သူတစ်ဦးတစ်ယောက်မျှကျန်ခဲ့၍မရဘဲ  အားလုံးဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံတိုင်းရှိ လူတစ်ဦးချင်းစီသည် ဂုဏ်သိက္ခာ၊လေးစားမှုနှင့် လိုလားမှုနှင့်ကြောက်ရွံမှုများကင်းပြီး လွတ်လပ်မှုများ ညီတူညီမျှဖြစ်စေရန် ကတိနှင့်အတူ တွဲလာရမည်ကိုပါ အသားပေး ပြောဆိုခဲ့ပါသည်။

ကုလသမဂ္ဂ၏ ပဋိညာဉ်သည် စည်းမျည်းအခြေခံသည့် ကမ္ဘာ့အစီအစဉ်၏ အုတ်မြစ်ဖြစ်ကြောင်း အထူးကိုယ်စားလှယ်က ဗိုလ်ချူပ်မှူးကြီးကို ပြောကြားခဲ့ပြီး ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ရရှိလိုလျှင် အဆိုပါသတ်မှတ်ချက်နှင့် စံနှုန်းများနှင့် ကိုက်ညီရမည်ဖြစ်ကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ကုလသမဂ္ဂသည် လူသားချင်းညှာတာထောက်ထားချင်းဆိုင်ရာ အကူအညီများနှင့်လိုအပ်နေသည့် ပြည်သူများထံ လူ့ရပ်ရွာအခြေပြုသည့် ကြံ့ကြံ့ခံသော အထောက်အကူများနှင့် အကာအကွယ်များပေးအပ်ရန် နိုင်ငံတကာ အသိအမှတ်ပြုထားသည့် လူသားဆိုင်ရာ ဘက်မလိုက်သော ၊ကြားနေသော၊လွတ်လပ်သော အခြေခံမူများဖြင့် ထိန်းကျောင်းလျှက်ဆက်လက်ကြိုးပမ်း အားထုတ်သွားမည့် ပြင်းပြသော ကတိကဝတ်ကို အလေးထားပြောကြားခဲ့ပြီး ဗိုလ်ချူပ်မှူးကြီးအနေဖြင့်လည်း ထိုကြိုးပမ်းအားထုတ်မှုများကိုလေးစားထောက်ခံပေးပါရန် တောင်းဆိုခဲ့ပါသည်။

အကာအကွယ်လိုအပ်နေသူများနှင့် မလုံခြုံဆုံးခံစားနေရသူများကိစ္စ ကိုင်တွယ်ဖြေရှင်းရန်နှင့် ပဋိပက္ခချုပ်ငြိမ်းရန် သူမ၏ ပေါင်းကူးဆက်သွယ်ပေးသည့်အခန်းကဏ္ဍနှင့် စုစည်းစည်းရုံးမှု အခွင့်အာဏာ အရှိန်အဝါများဖြင့် ဆက်လက် ဖြေရှင်း ဆောင်ရွက်သွားမည့်အကြောင်းလည်း အလေးပေးခဲ့ပါသည်။

ရှေ့ဆက်လက်၍ အထူးကိုယ်စားလှယ်နှင့် ဗိုလ်ချူပ်မှူးကြီးတို့သည် ငြိမ်းချမ်းပြီး ဒီမိုကရက်တစ်ဖြစ်သော မြန်မာနိုင်ငံအတွက် ပြည်သူများ၏ ဆန္ဒကို ထင်ဟပ်ကာ အားလုံးပါဝင်သော အဖြေများလိုအပ်မှုကို အာရုံစိုက်ရင်း လွတ်လပ်ပွင့်လင်းသော ဆက်ဆံပြောဆိုမှုများဖြင့် စေ့စပ်ဆွေးနွေးသွားကြရန် သဘောတူညီခဲ့ကြပါသည်။