#LocalNews
Published_14 August 2022

 

လက်ဝှေ့ပွဲများနှင့် ၂ နှစ်ခန့် ကင်းကွာနေသော အသက် ၂၉ နှစ်အရွယ် မြန်မာပြည်အလွတ်တန်းချန်ပီယံထွန်းထွန်းမင်း နှင့် အသက် ၂၃ နှစ်အရွယ် မွေထိုင်းလက်ဝှေ့ အတွေ့အကြုံအတော်လေးရှိပြီး (၃၈) ပွဲထိအနိုင်ရရှိထားသော ဟန်ဆိုလီမာနီ (အီရန်) တို့ ယနေ့ သြဂုတ်လ ၁၄ ရက် ညနေပိုင်းအချိန် ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့ရုံ ၌ ထိုးသတ်ကြမည် ဖြစ်သည်။

 

ထွန်းထွန်းမင်း အနေဖြင့် ယနေ့ပွဲအတွက် ကြိုတင်လေ့ကျင့်ချိန် အလုံအလောက်ရထားသည့်အတွက် သက်လုံနဲ့ ကြံ့ခိုင်မှုကို ပြန်လည်တည်ဆောက်ခွင့်ရထားသော်လည်း ပြိုင်ဘက်ဟန်ဆိုလီမာနီက အသက်အရွယ်အရ ငယ်ဂုဏ်ရှိသူဖြစ်ပြီး တိုက်စစ်သမားဟုလည်း မှတ်ယူနိုင်ပြီး လက်သီးနှင့်ကန်ချက်တိကျကာ ညာလက်သီးကောင်း၍ ဘယ်ထောက်လက်သီးများက ပြိုင်ဘက်ကို အထိနာအောင် လုပ်နိုင်သောကြောင့် ထွန်းထွန်းမင်းအနေဖြင့် သတိထားရမည့် ပွဲဖြစ်ကြောင်းလည်း လက်ဝှေ့ကျွမ်းကျင်သူများက သုံးသပ်နေကြသည်။

 

"ထွန်းထွန်းမင်းက မြန်မာ့လက်ဝှေ့ရဲ့ သတ်(၉) သတ်ကို ကျွမ်းကျင်ပိုင်နိုင်တယ်။အားသာချက်တွေက ခေါင်းတိုက်ချက်၊ခြေကန်ချက်တွေပေါ့။ဒါတွေကို တစ်ဖက် ပြိုင်ဘက်က ဘယ်လိုရင်ဆိုင်မလဲဆိုတာ ဒီနေ့ မြင်တွေ့ရမှာပါ"ဟု ရိုးရာလက်ဝှေ့ကျွမ်းကျင်သူတစ်ဦးက ဆိုသည်။

 

မြန်မာ့ရိုးရာ လက်ဝှေ့ ကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲကြီး ( MLWC 7) ကို " SKYNET Sports-4 "နှင့် " SKYNET Sports-HD " ရုပ်သံလိုင်းများတွင် မွန်းလွဲ ၂ နာရီမှစ၍ ထုတ်လွှင့်မည် ဖြစ်ကြောင်း၊လူကိုယ်တိုင်သွားရောက်ကြည့်ရှုမှုများအတွက် လက်မှတ်များကို ငွေကျပ် ၃ သောင်း၊တစ်သောင်းကျပ်နှင့် ငါးထောင်ကျပ်ဟူ၍ သတ်မှတ်ရောက်းချပေးကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group