#Local_News
Published_12 August 2022

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊ အနောက်ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးရှိ ပလင်းကမ်းသာယာဆင်စခန်းတွင် ယနေ့ သြဂုတ်လ ၁၂ ရက်တွင်ကျရောက်သည့် ကမ္ဘာ့ဆင်များနေ့ (World Elephant Day) အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။

 

"ကျောင်းသားကျောင်းသူတွေကို ကမ္ဘာ့ဆင်များနေ့ ဖြစ်ပေါ်လာပုံ ၊ ဆင်တွေရဲ့အကြောင်း အချက်အလက်တွေ၊ ဆင်တွေကို ကာကွယ်ထိန်းသိမ်းဖို့ အရေးကြီးပုံ စတာတွေကိုဆွေးနွေးရှင်းပြတာတွေ လုပ်တယ်"ဟု အဆိုပါ ဆင်စခန်းတာဝန်ရှိသူက ဆိုသည်။

 

ယင်းအပြင် ကျောင်းသား ကျောင်းသူများအား စာကြည့်တိုက်နှင့်စာအုပ်စာပေဆိုင်ရာများ ဆွေးနွေးရှင်းပြခြင်း၊ သစ်ပင်၊ သစ်တော ဆိုင်ရာ သိကောင်းစရာများ၊ အပူပိုင်းဒေသစိမ်းလန်းစိုပြေရေး လုပ်ငန်းစဉ်များ အကြောင်းကို သက်ဆိုင်ရာဌာနအလိုက် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

 

ကမ္ဘာ့ဆင်များနေ့ (World Elephant Day) တွင် ပလင်းကမ်းသာယာဆင်စခန်းရှိ ဆင် ၆ ကောင်ကို ဧည့်သည်များနှင့်အတူ ဆင်စာဘူဖေး ကျွေးခဲ့ကြကြောင်းလည်း သိရသည်။

ymg/mt
#Yangon_Media_Group