Published 1 August 2022

အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ထဲက ဦးစားပေး ဆောင်ရွက်နိုင်တာတွေကို အဖြစ်နိုင်ဆုံး အာဆီယံမူဘောင်နှင့်အညီ ဆောင်ရွက်သွားမှာဖြစ်ပြီး နိုင်ငံပုံမှန်အခြေအနေဖြစ်လာတာနှင့်အမျှ တိုးတက်ဆောင်ရွက်မှုတွေရှိလာမှာဖြစ်တယ်လို့  နစက ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။

နစက ၁၈လတာ တာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်လို့ ဩဂုတ်(၁)ရက်က ပြောကြားတဲ့မိန့်ခွန်းမှာ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က အဆိုပါအချက်ကိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

“ယခုနှစ်မှာတော့ အခြေအနေအားလုံး တိုးတက်လာပြီဖြစ်တဲ့အတွက် ဘုံသဘောတူညီချက် ၅ ရပ်ထဲက ဦးစားပေးဆောင်ရွက်နိုင်တာတွေ အဖြစ်နိုင်ဆုံး အာဆီယံမူဘောင်နဲ့အညီ ဆောင်ရွက်သွားပါမယ်။ နိုင်ငံအနေနဲ့ မိမိပြည်တွင်းရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး ၃ ရပ်ပါဝင်တဲ့ အချုပ်အခြာအာဏာကို ထိပါးမယ့်ကိစ္စတွေမဖြစ်အောင် သုံးသပ်ဆောင်ရွက်နေပါတယ်၊နိုင်ငံပုံမှန်အခြေအနေဖြစ် လာတာနဲ့အမျှ တိုးတက်ဆောင်ရွက်မှုတွေ ရှိလာမှာဖြစ်ပါတယ်” လို့ ဗိုလ်ချူပ်မှူးကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကာလ အတွင်း မှာ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဒုတိယလှိုင်းနဲ့ တတိယလှိုင်းမှာ ပြင်းထန်စွာခံစား ခဲ့ရပြီး ကိုဗစ်-၁၉ ကပ်ဘေးရောဂါကျော်လွှားဖို့ အပြင်းအထန်လုံးပန်းနေရသလို ပြည်တွင်း ဆူပူဆန္ဒပြအကြမ်းဖက်မှုများကို ဖြေရှင်းဆောင်ရွက်နေရတဲ့အတွက် နိုင်ငံ တည်ငြိမ်မှုမရှိလို့ အာဆီယံဘုံသဘောတူညီချက် အကောင်အထည်ဖော်နိုင်ဖို့ အခက်အခဲရှိခဲ့တယ်လို့လည်း သူကပြောပါတယ်။

၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်က ပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးကနေ မြန်မာနိုင်ငံနှင့်ပတ်သက်လို့  ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ပရက် ဆော့ခွန်ဟာ ပြီးခဲ့တဲ့ မတ်လနင့်ဇွန်လများအတွင်း မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး အာဆီယံဘုံသဘောတူညီချက်(၅)ရပ် အကောင်အထည်ဖော်ရေး ဆွေးနွေးမှုတွေလုပ်ခဲ့ပါတယ်။ ယခုလည်း စက်တင်ဘာလခန့်မှာ ထပ်မံလာရောက်ဦးမယ်လို့ ကမ္ဘောဒီးယားအခြေစိုက် သတင်းမီဒီယာများက‌ ရေးသားနေကြပါတယ်။

-ymg/knl

#ASEAN_Myanmar

#SG_Min_Aung_Hlaing