Published 31 July

နိုင်ငံတော် အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး၂/၂၀၂၂ကို ဇူလိုင်(၃၁)ရက်က ကျင်းပပြီး ယာယီသမ္မတ ဦးမြင့်ဆွေက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၂၁ (ခ)အရ နစက အား ပေးအပ်ထားတဲ့ တာဝန်ကို သက်တမ်းနောက်ထပ်(၆)လ ထပ်မံတိုးမြှင့်ပေးလိုက်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

အဆိုပါအစည်းအဝေးကို ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချူပ်မှူးကြီး စိုးဝင်းနှင့် နိုင်ငံတော် အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဝင်များတက်ရောက်ခဲ့ကြပြီး ဒုတိယသမ္မတ ဦးဟန်နရီဗန်ထီးယူ ကျန်းမာရေးအရ ခွင့်ပန်ကြားခဲ့ပါတယ်။

နစက ဥက္ကဋ္ဌက တိုင်းပြည်၏ လက်ရှိအခြေအနေများနှင့် နစက၏ လုပ်ဆောင်များကို အစီရင်ခံသုံးသပ်တင်ပြခဲ့ပြီး လုပ်ငန်းတာဝန်များကို အောင်မြင်ပြီးမြောက်သည်အထိ ထမ်းဆောင်နိုင်ရေးအတွက် နစကကို  နောက်ထပ်(၆)လသက်တမ်း ထပ်မံတိုးမြှင့်ပေးနိုင်ပါရန် ဆက်လက်တင်ပြခဲ့တာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ အချိန်ကာလတိုးမြှင့်ပေးရန်ကိစ္စနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၂၁ ပုဒ်မခွဲ (ခ)၏ လုပ်ပိုင်ခွင့်များအရလည်းကောင်း၊ ပုဒ်မ ၄၂၅ နှင့်အညီ နိုင်ငံအရေးပေါ်အခြေအနေကြေညာထားသည့်ကာလကို နောက်ထပ်ခြောက်လတိုးမြှင့်သတ်မှတ်ရတင်ပြမှုကို  နိုင်ငံတော်အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက သဘောတူညီခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ပြည်တွင်းပြည်ပ တားဆီးနှောက်ယှက်မှုများ၊ အခက်အခဲများကြားမှ ကြံ့ကြံခံပြီး နိုင်ငံတော်ရဲ့ အမျိုသား အကျိုးစီးပွားဖြစ်တဲ့ အမျိုးသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့အတွက် နစကရဲ့လုပ်ဆောင်မှုတွေကို အသိအမှတ်ပြုတယ်လို့ ယာယီသမ္မတ ဦးမြင့်ဆွေက အစည်းအဝေးမှာ ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယခုသက်တမ်း(၆)လတိုးမြှင့်တဲ့အတွက် နစကဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ (၃၁)ရက်အထိ တာဝန်တွေ ဆက်လက်ထမ်းဆောင်ခွင့်ရရှိသွားတာဖြစ်ပါတယ်။

ymg/knl