#Local_News
Published _ 21 July 2022

 

မွန်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဖလား(၁၀)မြို့နယ်၊ အသက်(၁၈)နှစ်အောက် အမျိုးသား၊ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို မော်လမြိုင်မြို့၊ ပြည်နယ်မိုးလုံလေလုံ အားကစားခန်းမ၌ ယမန်နေ့က ကျင်းပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ စစ်တုရင်အားကစားဝါသနာရှင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

 

ပြိုင်ပွဲအခမ်းအနားကို မွန်ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်အတွင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားနည်းအလိုက် အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပြီး စစ်တုရင်ကစားခြင်းသည် ဦးနှောက်နှင့်ကိုယ်ပိုင်ဉာဏ်ကို မြင့်မားစေပြီး နည်းစနစ်တကျ တွေးခေါ်မြော်မြင်မှုစွမ်းရည်များ၌ မြင့်မားလာရေးကို များစွာ အထောက်အကူပြုကြောင်း၊ ယခုပြိုင်ပွဲမှ ထူးချွန်ထက်မြက်သည့် စစ်တုရင်အားကစားသမားများစွာ ပေါ်ထွက်ပြီး နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ဖြစ်စေရေး ကြိုးပမ်းကြရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ယင်း စစ်တုရင်ပြိုင်ပွဲကို ဇူလိုင်လ ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး စစ်တုရင်အားကစားနည်းဖြင့် မွန်ပြည်နယ်မှ လက်ရွေးစင် အားကစားသမားများ များစွာပေါ်ထွက် လေ့ရှိပြီး ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ရမှတ်(၅၅၁)မှတ်ဖြင့် တစ်နိုင်ငံလုံး၌ ဆဌမအဆင့်ရရှိသည့် မပန်းပြည့်သခင်သည်လည်း မွန်ပြည်နယ်မှ စစ်တုရင် လက်ရွေးစင်ကစားသမားတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

 

ymg/NN
#Yangon_Media_Group