#Local_News
Published - 20 July 2022

 

နိုင်ငံစီးပွားရေးအတွက် အရေးပါသော ဘဏ်လုပ်ငန်းတည်ငြိမ်ဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာရေးမူဝါဒနှင့် ငွေကြေးမူဝါဒများကို ဖော်ဆောင်နေကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းက ပြောသည်။

 

ဗဟိုဘဏ်ဥက္ကဋ္ဌဦးသန်းညိန်းက ဗွီဒီယိုကွန်ဖရန့်စနစ်ဖြင့် ကျင်းပသော မြန်မာနိုင်ငံဘဏ်များအသင်း အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲတွင် အထက်ပါကဲ့သို ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

 

ဘဏ်များအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးခြင်းကြောင့် ပြည်သူများအကြား ဘဏ်အသုံးပြုမှုပိုမိုများ ပြားလာပြီး ဘဏ်လုပ်ငန်းစနစ်အပေါ် ယုံကြည်မှုတိုးလာရန် တည်ဆောက်နိုင်ခဲ့ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

ဗဟိုဘဏ်အနေဖြင့် ဘဏ်များအခက်အခဲကြုံတွေ့ရစဉ်အချိန်တွင် လိုက်နာရမည့် သတ်မှတ်အချိုးများကို ဖြေလျှော့ပေးခဲ့ခြင်း၊ ဘဏ်တစ်ဘဏ်ချင်းအလိုက် လိုအပ်ချက်အပေါ်မူတည်ကာ ပံ့ပိုးပေးခဲ့ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

 

ယင်းအပြင် ဗဟိုဘဏ်ဒုဥက္ကဋ္ဌဦးဝင်းသော်က ဘဏ်များအတွက် လိုအပ်သည့် ငွေသားလွယ်ကူမှု ပံ့ပိုးပေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေပြီး နိုင်ငံခြားသုံးငွေဆိုင်ရာသတ်မှတ်ချက်များ၊ ဆောင်ရွက်ရမည့် နည်းလမ်းများကိုလည်း ဆက်လက်လိုက်နာဆောင်ရွက်သွားရန် အသိပေးပြောဆိုခဲ့ကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group