#Local_News
Published - 20 July 2022

 

ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းအမျိုးမျိုးနဲ့ မြေပဲဆန် ပြည်ပတင်ပို့မှုများ အတွက် ပို့ကုန်ရငွေ မတင်ပြနိုင်ခြင်းကြောင့် မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းရှိ ပဲကုန်သည်အချို့ ရပ်နားထားရကြောင်း မြဝတီကုန်သည်တစ်ဦးဖြစ်သူ မဇင်မီက ပြောသည်။

 

"လောလောဆယ်တော့ ရပ်ထားတာ တစ်ပါတ်ရှိပြီ။ ပဲ၊ ပြောင်း၊ နှမ်းတင်ပို့မှုတွေအတွက် Export credit မရှိရင် တင်ပို့လိုမရဘူးဆိုတော့ အမတို့ကလဲ မပြနိုင်တဲ့အတွက် မပိုရဘူး။ တခြားကုန်ပစ္စည်းတွေကတော့ရမှာပေါ့။ ပဲ၊ ပြောင်း၊ နှမ်းအတွက်ကျတော့ Export credit ပြမှ Export ထွက်ခွင့်ပြုမယ်ဆိုတော့မပြနိုင်တဲ့အတွက် မထွက်ရဘူး"ဟု ယင်းက ပြောသည်။

 

ယင်းအပြင် ပို့ကုန်ရငွေ မတင်ပြဘဲ တိမ်းရှောင်မှုများရှိနေသည့်အတွက် ပြန်လည်စီစစ်ရန် ထောက်ခံချက်လုပ်များလုပ်ခိုင်းထားကြောင်း မြန်မာ နိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။

 

ပြည်ပတင်ပို့မှု ထောက်ခံချက်ဟာ ပင်လယ်ရေကြောင်းကနေ တင်ပို့တဲ့ သူတွေအတွက်ဖြစ်ပြီး နယ်စပ်က ပို့မယ့်သူများကို အရင်အတိုင်းပို့လို့ရတယ်လို့ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနဲ့ နှမ်းကုန်သည်များ အသင်းရဲ့ ဥက္ကဌ ဦးထွန်းလွင်က YMG ကို ပြောပါတယ်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ပြည်ပနိုင်ငံတွေဆီ နယ်စပ်၊ ပင်လယ် ရေကြောင်းလမ်းတို့ကနေ ပဲမျိုးစုံ၊ပြောင်းနှင့် ဆီထွက်သီးနှံများ တင်ပို့ရာ ယခုလ ၁ ရက်နေ့မှစပြီး အမေရိကန်ဒေါ်လာငွေကြေးဖြင့်သာ ပို့ကုန်လိုင်စင်များကို ခွင့်ပြုချက် ထုတ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းအပြင် ပို့ကုန်တန်ဖိုးကို ကြိုတင်ငွေလွှဲစနစ် (TT)စနစ် ဖြင့်သာ စိစစ်ပြီး ငွေလွှဲ ကြိုတင်ရရှိပြီးမှ လိုင်စင်ခွင့်ပြုထုတ်ပေးရန် ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားထားကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group