Published 19 July 2022

ဇူလိုင်(၁၆)ရက် သောကြာနေ့ ညက  ဒန်ဗာမြို့အရှေ့ပိုင်းမှာ သေနတ်ပစ်ခတ်ခံရမှုကြောင့် မြန်မာအမျိုးသမီးတစ်ဦး သေဆုံးခဲ့ရတယ်လို့ CBS သတင်းဌာနက ကြေညာသွားပါတယ်။ မြောက်ဇင်နီးယားလမ်းက ဘလောက် ၁၃၀၀ မှာ ပစ်ခတ်ခံရတာဖြစ်ပါတယ်။

ဇင်နီးယာလမ်းပေါ်က Hidden Brook အိမ်ရာအပြင်ဖက်မှာတော့ မခိုင်စီးခဲ့တဲ့ ကြိုးသိုင်းဖိနပ်ကလေးက အောက်မေ့ဘွယ် အဖြစ် ကျန်ရစ်ခဲ့ပါတယ်။

“ သူမဟာ ရိုးသားတဲ့ အရပ်သူတစ်ဦးလိုပါပဲ” လို့ မခိုင်နှင့် ၁၀နှစ်တာသိကျွမ်းခဲ့တဲ့ ကိုလှိုင်သန်းဆိုသူက CBS ရုပ်သံကိုပြောပါတယ်။ “ သူမဟာ အမြဲတမ်းတက်ကြွနေယ်။သနားကြင်နာတတ်တယ်။ လူတွေကိုကူညီတတ်တယ်။ အမြဲတမ်းလည်း အကောင်းမြင်တတ်သူဖြစ်တယ်” လို့ ကိုလှိုင်သန်းက ပြောပါတယ်။

အဲဒီတိုက်ခန်းတွဲကြီးရဲ့အပြင်ဘက်မှာ သောကြာနေ့ည သေနတ်ပစ်မှုကြောင့် မခိုင်တစ်ဦးတည်းပဲ ထိမှန်သေဆုံးခဲ့ရတာဖြစ်တယ်လို့ သူမရဲ့ မိတ်ဆွေတွေနှင့် အိမ်နီးချင်းတွေက ပြောပါတယ်။

ရဲတွေက အခင်းဖြစ်ပွားမှုနှင့်ပတ်သက်လို့ အချက်အလက်အချို့သေးစိတ်ထုတ်ပြန်တဲ့အချိန်မှာပဲ  မခိုင်ဟာ ရည်ရွယ်ထားတဲ့ ပစ်မှတ်တစ်ခုမဟုတ်ဘဲ နေရာမှားကို အချိန်မှားရောက်လာခဲ့ရသူသာဖြစ်တယ်လို့  ရပ်ကွက်ကသူတွေက ပြောဆိုကြပါတယ်။

“ ဒါဟာ လမ်းတစ်ဖက်က ဖရီးဒမ်းပန်းခြံက အော်တိုမက်တစ်လက်နက်တစ်ခုကနေ ရမ်းပစ်လိုက်တဲ့ ကျည်ဆံပဲဖြစ်တယ်” လို့ Hope Communities ရဲ့ ဥက္ကဋ္ဌနှင့် စီအီးအို ရှာရွန်နိက်ကပြောပါတယ်။

ကလေး(၄)ယောက်ရဲ့ မိခင် မခိုင်ဟာ  ရပ်ကွက်အသင်းဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ မခိုင်ဟာ အမေရိကန်ကို ဒုက္ခသည် တစ်ဦးအဖြစ်ရောက်ရှိခဲ့ပြီး သိပ်မကြာသေးခင်ကပဲ “ တော်ဝင်” ဆိုတဲ့အမည်နှင့်  ကိုယ်ပိုင်စားသောက်ဆိုင်တစ်ခု ဖွင့်ထားတာဖြစ်ပါတယ်။

“ အသက်၂၀ အရွယ်ရှိတဲ့ သူ့သားက သူ့အမေကိုပွေ့ဖက်ထားတယ်။ အမေဖြစ်သူက အသက်ငင်နေပြီ၊ သူက ၉၁၁ ကို ငါးခါ တောင်ဖုန်းဆက်ခေါ်တယ်” လို့ နိုက်ကဆက်ပြောပါတယ်။

Screen Shot 2022 07 19 at 17.49.29

မိသားစုဝင်တွေက ၉၁၁ ကို ကြိမ်ဖန်များစွာဖုန်းဆက်ကြတယ်။ ဖုန်းကိုင်သူက ဖုန်းချချပစ်လိုက်တယ်လို့ အိမ်နီးချင်းတွေက ပြောကြပါတယ်။ အရေးပေါ်ဆေးအဖွဲ့တွေနောက်တော့ ကူညီဖို့ ရောက်လာကြပါတယ်။ ဒါပေမယ့် အကြာကြီးစောင့်ပြီးမှ ရောက်လာကြတာလို့ သူတို့ကပြောပါတယ်။

“တစ်ခုခုတော့ တကယ့်ကိုမှားနေပြီ။ သူမအတွက် ကျွန်တော်တို့ တကယ်ဝမ်းနည်းတယ်။ ကျွန်တော်တို့ သတိရနေတော့မှာ” လို့ ကိုလှိုင်သန်းကပြောပါတယ်။

မခိုင်မှာ အသက်အာမခံလုပ်မထားဘူးလို့ နိုက်ကပြောပါတယ်။ အဲဒါကြောင့် သူမရဲ့ အသုဘအခမ်းအနားအတွက် ရပ်ကွက်မှာ ရန်ပုံငွေရှာပေးနေတယ်လို့လည်း သူမက ဆက်ပြောပါတယ်။  တနင်္လာညတုန်းက အဲဒီအိမ်ရာတွဲမှာ မခိုင်အတွက် ဝမ်းနည်းခြင်း အောက်မေ့ဘွယ်အခမ်းအနားကလေးတစ်ခုလုပ်ပေးခဲ့တယ်လို့ CBS က သတင်းပေးပို့ပါတယ်။

#Source_CBS4

#Ma_Khaing_Died_in_Denver

#US_Denver_Shooting

#Myanmar_Woman_Died_in_US_Shooting